ရှမ်းပဲပုပ် လက်ကျန်နည်းချိန် မိုးပဲပုပ်စစိုက် ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဒေသထွက်ကုန်တစ်မျိုးဖြစ်တဲ့ ရေသွင်းပဲပုပ်တွေလည်းပြီးခဲ့တဲ့အပတ်ကစပြီး ဈေးကွက်ကို ဝင်နေပါတယ်။ ဒီတစ်ပတ်မှာလည်းဟိုပုံးမြို့နယ် နမ့်ခုတ်မြို့နယ်တွေရဲ့ပုန်းအင်းဒေသတွေက ပဲပုပ်တွေ ဈေးကွက်ကို ထပ်ပြီးဝင်လာပါတယ်။ စိုက်ဧကလည်းနည်းတာကြောင့် အဝင်ကလည်းသိပ်မများလှပါဘူး။ အထွက် နှုန်းများတဲ့မိုးပဲပုပ်တွေ ကိုလည်း စပြီးစိုက်နေပါပြီ၊ အခုထွက်နေတဲ့ပဲပုပ်တွေကိုတော့ ဝယ်လက်တွေကလည်းအစိုနဲ့ အခြောက်ဆိုပြီး ခွဲဝယ်ယူနေပါ တယ်။ မိုးကလည်း အဆက်မပြတ်ရွာနေတာကြောင့် ပဲပုပ်အခြောက်လှန်းဖို့ အခက်အခဲရှိတာကြောင့် တချို့ကလည်း အစိုအတိုင်းသာရောင်းဝယ်ကြတယ်လို့လည်းသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ ပဲပုပ် (အစို) တစ်ပိဿာ ၅ဝဝ ကျပ်၊ ၆ဝဝ ကျပ်၊ (အခြောက်)တစ်ပိဿာ ၆၈ဝ ကျပ်၊ ၇ဝဝ ကျပ် ဈေးရှိပါတယ်။ ပဲပုပ်ဆီအဖြစ်ကြိတ်ရန်အတွက် အဓိကဝယ်ယူနေတယ်လို့ လည်းသိရပါတယ်။ ရန်ကုန်ဝယ်လက်တွေကတော့ ပဲပြား၊ ပဲနို့ရည် ပြုလုပ်ရန်အတွက်လည်းဝယ်ယူနေကြပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ပဲပုပ်တစ်ပိဿာ ၇ဝဝ ကျပ်၊ ၇၅ဝ ကျပ်ဈေးရှိတယ်လို့တောင်ကြီးကုန်စည်ဒိုင်ကသိရှိရပါတယ်။ ဧဧခိုင်
Background