Main menu

Background

အမေရိကန်ပဲပုပ်ကို တရုတ်တိုးမြှင့် တင်သွင်းမယ်

Mon, 06/27/2011 - 08:14 -- Anonymous (not verified)

အမေရိကန်ပဲပုပ်ကို တရုတ်တိုးမြှင့် တင်သွင်းမယ်                    အမေရိကန်ပဲပုပ်တောင်သူတွေကို နိုင်ငံရဲ့ စိတ်ဝင်စားမှု တိုးတက်နေတာကြောင့် တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းပိုမိုမြင့်တက်ဖွယ်ရှိတယ်လို့ အမေရိကန်ပဲပုပ်အသင်း ဥက္ကဌ Alan Kemper  မှ ပြောကြားပါတယ်။ ပဲပုပ်ကုန်သွယ်မှုတိုးတက်ခြင်းက ၂ နိုင်ငံကုန်သွယ်မှု မျှခြေကို ညွှန်ပြနေတဲ့ တရုတ်- အမေရိကန်ဆက်ဆံရေးကို တိုးမြင့်ဖို့ အကူအညီဖြစ်နိုင်တယ်လို့ တရုတ်ကျွမ်းကျင်ရှင်များက ဆိုပါတယ်။                    တရုတ်နိုင်ငံဟာ အမေရိကန် ပဲပုပ်ကို အများဆုံးတင်သွင်းပြီး ပဲပုပ်ကုန်သွယ်မှုဟာ တရုတ်- အမေရိကန် ကုန်သွယ်မှုမျှခြေတိုးတက်ဖို့မှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတယ်လို့ Kamper  က ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ယခင်နှစ် အမေရိကန် ထုတ်လုပ်မှုရဲ့ ၄ ပုံ ၁ ပုံကို တင်သွင်းခဲ့တယ်လို့ အသင်းက ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာ ၎င်းရဲ့ စိုက်ပျိုးရေးကဏ္ဍကို ကြီးကြီးမားမား အထောက်အပံ့ပေးနေတဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အတွင်း အကျိုးအမြတ်ပိုမိုရရှိရေးဟာ နိုင်ငံ အတွက်အရေးပါတယ်လို့ တရုတ်နိုင်ငံ သတင်းအချက်အလက်ဌာန၊ စီးပွားရေးခန့်မှန်းတွက်ချက်မှုဌာနမှ သုတေသနပညာရှင် Zhang Monan  က ဆိုပါတယ်။                   မြေနဲ့ရေအရင်းအမြစ်ကို ကန့်သတ်ထားတဲ့အတွက် ပြည်တွင်းပဲပုပ်ထုတ်လုပ်မှုလို စိုက်ပျိုးရေးထုတ်ကုန်တွေ အတွက် တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြီးမားမှုကို ပြည့်မီဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် ပြည်ပက စိုက်ပျိုးရေးထုတ်ကုန်တွေကို ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။တင်သွင်းမှု တိုးတက်ခြင်းဟာ ပြည်တွင်းထုတ်လုပ်မှုကျဆင်းလို့ မဟုတ်ဘဲ ပြည်တွင်း ဝယ်လိုအား ကြီးမားလာတာကြောင့်လို့ တရုတ်ပဲပုပ်ထုတ်လုပ်မှုအသင်း ဒုတိယဥက္ကဌ  Liu Denggaoမှ ပြောကြားပါတယ်။ တရုတ် နိုင်ငံရဲ့ ပဲပုပ်စိုက်ဧရိယာဟာ ယခင်နှစ်လိုပဲ ပြောင်းလဲခြင်းမရှိဘဲ ကြီးမားကျယ်ပြန့်နေဆဲဖြစ်တယ်လို့ Liu  က ဆိုပါတယ်။                တရုတ်နိုင်ငံပြည်တွင်းထုတ်လုပ်မှု တန်ချိန် ၁၅ ဒသမ ၂ သန်းရှိပြီး ၂ဝ၁ဝ ခုနှစ်အတွင်း တင်သွင်းမှုဟာ တန်ချိန် ၅၄ ဒသမ ၈ သန်းအထိ သမိုင်းတင်မြင့်တက်ခဲ့တယ်လို့ အကောက်ခွန်စာရင်းများအရ သိရပါတယ်။ နိုင်ငံရဲ့ ပြည်တွင်းဖူလုံမှုနှုန်းဟာ လက်ရှိမှာ ၂၂ ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပါတယ်။ တင်သွင်းတဲ့ ပဲပုပ်များအားလုံးမှာ မျိုးရိုးဗီဇမြှင့်တင်ထားတဲ့ ပဲပုပ်များဖြစ်ပြီး တိရစ္ဆာန်အစာနဲ့ ဆီကြိတ်ခွဲဖို့မှာ အသုံးပြုပါတယ်။ မေလအတွင်း တင်သွင်းမှုဟာ တန်ချိန် ၄ ဒသမ ၅၆ သန်းရှိလို့ ယခင်နှစ်ထက် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ် ပထမ ၅ အတွင်း တင်သွင်းမှုကတော့ ယခင်နှစ်ကာလတူနဲ့ ယှဉ်ရင် ပိုမိုများနေတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: china Daily