လာမယ့် ၁ဝ နှစ်အတွင်း ကမ္ဘာ့ရော်ဘာဝယ်လိုအား ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်နိုင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကြီးမားလာတဲ့ တရုတ်နဲ့ အိန္ဒိယရဲ့ ရော်ဘာဝယ်လိုအား ပိုမိုတိုးတက်လာပြီး ၂ဝ၂ဝ မှာ တန်ချိန် ၁၅ ဒသမ ၄ သန်းကို ရောက်ရှိနိုင်ကြောင်း စင်ကာပူအခြေစိုက် DBS သုတေသနအုပ်စုမှ ပြောကြားပါတယ်။ ကမ္ဘာ့ရော်ဘာဝယ်လိုအားက နှစ်စဉ် ၃ ဒသမ ၇ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်ပြီးလာမယ့် ၁ဝ နှစ်မှာ တန်ချိန် ၁ဝ ဒသမ ၇ သန်း ကနေ ၁၅ ဒသမ ၄ သန်းကို ရောက်ရှိနိုင်ကြောင်း DBS ကပြောကြားပါတယ်။ တချို့ကတော့ ၂ဝ၁၃ မှာ ၂ဝဝ၅ - ၂ဝဝ၈ ခုနှစ်အတွင်း စိုက်ခဲ့တဲ့အပင်တွေကနေ ဈေးကွက်ထဲကို ရောင်းလိုအား အသစ်တွေ ရရှိနိုင်မယ်လို့ မှန်းဆကြပါတယ်။ ဒါ့အပြင် ရော်ဘာဈေးနှုန်းကိုလည်း လာမယ့်နှစ်မှာ TSR-20 အမျိုးအစားကို တစ်တန် (၄၂၅ဝ) ဒေါ်လာအထိ ရောက်နိုင်ပြီး ၂ဝ၁၃ မှာ တစ်တန်ကို (၄၁၅၇) ဒေါ်လာကို ရောက်နိုင်မယ်လို့ တွက်ထားပါတယ်။ ကမ္ဘာ့ရော်ဘာစိုက်ဧရိယာလည်း တိုးတက်လာပြီး ယခုဟက်တာ ၁၁ ဒသမ ၃ သန်းရှိရာကနေ ၂ဝ၂ဝ မှာ ဟက်တာ ၁၄ ဒသမ ၉ သန်းအထိရှိလာနိုင်မယ်လို့ DBS အုပ်စုက ပြောပါတယ်။ လာမယ့် ၁ဝ နှစ်ကျော်ရင် မိရိုးဖလာရော်ဘာစိုက်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့အပြင် အခြားနေရာတွေကနေ အဓိကရော်ဘာရောင်းလိုအား တွေထွက်ပေါ်လာနိုင်တယ်လို့လဲ ခန့်မှန်းထားပါတယ်။ ၂ဝ၁ဝ နဲ့ ၂ဝ၂ဝ ကြားမှာရော်ဘာရောင်းလိုအားတန်ချိန် ၅ ဒသမ ၃သန်းအထိ တိုးတက်လာနိုင်ပြီး ၎င်းတို့ထဲက တန်ချိန် ၃ ဒသမ ၁ သန်းက မြန်မာနဲ့ ဗီယက်နမ်ကဖြစ်နိုင်ကြောင်း သိရပါတယ်။ အကြီးဆုံးဖြန့်ဖြူးသူဖြစ်တဲ့ထိုင်းနိုင်ငံကတော့ ၂၅ ဒသမ ၁ ရာခိုင်နှုန်းရောင်းအားရှိပြီး ဆက်လက်ဦးဆောင်နိုင်တယ်လို့ သိရပါတယ်။ Source: commodity online ,KZW
Background