အိန္ဒိယ Icrisat မှ အထွက်နှုန်းမြင့် ပဲစင်းငုံစပ်မျိုး ထုတ်လုပ် အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးသုတေသနအဖွဲ့ဖြစ်တဲ့ Icrisat မှ အခြားမျိုးစေ့တွေ ထက် ထွက်ရှိနိုင်မှုနှုန်း ၃ဝ ရာခိုင်နှုန်း ပိုမိုတဲ့ပဲစင်းငုံ စပ်မျိုးထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပြည်နယ်အတွင်း စီးပွားဖြစ်စိုက်ပျိုးဖို့ RV ICPH 2671 စပ်မျိုးကို သတ်မှတ်ကြေညာခဲ့ပါတယ်။ ပဲစင်းငုံဟာ အိန္ဒိယလူသန်းပေါင်းများစွာအတွက် အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ ကျော်အတွင်း ပဲစင်းငုံထုတ်လုပ်မှုနှုန်းဟာ တစ်ဟက်တာကို ကီလို ၆ဝဝ-၇ဝဝ နဲ့ အလွန်ပဲနိမ့်နေတဲ့အတွက် နှစ်စဉ်ပြည်တွင်းလိုအပ်တဲ့ တန်ချိန် ၃ ဒသမ ၅ သန်းပြည့်မီဖို့ မြန်မာနဲ့ အာဖရိကက နှစ်စဉ် ပဲစင်းငုံတန် ၅ သိန်းခန့် တင်သွင်းနေရပါတယ်။ ၁၉၇၄ ခုမှ စတင်ပြီး ICAR နဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဟိုက်ဒရာဘတ်အခြေစိုက် Icrisat ဟာ လယ်ယာနမူနာ ရာကွက်ပေါင်းများစွာမှာ မျိုးစပ်ပဲစင်းငုံကို စီးပွားဖြစ် ထုတ်လုပ်ခဲ့တယ်လို့Icrisat မှ သိပ္ပံပညာရှင် Mr K B Saxena က ဆိုပါတယ်။ တစ်ဝက်တစ်ပျက်ခြောက်သွေ့တဲ့ ဒေသများအတွက် နိုင်ငံတကာသီးနံှ သုတေသန တက္ကသိုလ် (ICRISAT) ကို ၁၉၇၂ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ယခုအခါ ပဲစင်းငုံစပ်မျိုး ၂ မျိုးဖြစ်တဲ့ ICPH 2671 နဲ့ ICPH 2740 တို့ကို လယ်ယာမြေစမ်း သပ်ခြင်းနဲ့ ဈေးကွက်စမ်းသပ်မှုအရ မျိုးစေ့အမြောက်အမြား ထုတ်လုပ်ဖို့ ရွေးချယ်ခဲ့ တယ်လို့ သိရပါတယ်။ ICPH 2671 ကို အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာ၊ မဟာရပ်ရှတရာနဲ့ တမီနာဒူး ပြည်နယ်များမှာ ၄ နှစ်ကြာ နမူနာအကွက်ပေါင်း ၃၅ နေရာမှာ စမ်းသပ် ချက်အရ အခြားမျိုးစေ့များထက် ၄၂ ရာခိုင်နှုန်း ပိုမိုသာလွန်တဲ့ စပ်မျိုးအဖြစ် တွေ့ရှိခဲ့တယ်လို့ Mr Saxena က ဆိုပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ ICPH ၂၇၄ဝ ကိုလည်း အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှာ ၄ နှစ်ကြာ စမ်းသပ်ကွက် ၃၃ နေရာမှာ စမ်းသပ်ခဲ့ရာ အကောင်းဆုံးမျိုးစေ့တွေထက် ၃၈ ရာခိုင်နှုန်းပိုမိုကောင်းမွန်ခဲ့တယ်လို့ ဆိုပါတယ်။ Icrisat မှ သုတေသန ပညာရှင် များက စပ်မျိုးစေ့ရဲ့အထွက်နှုန်း ဟာတစ်ဟက်တာကိုကီလို ၁၅ဝဝ-၁၆ဝဝ ရိတ်သိမ်း ခဲ့ရပြီး မျိုးစေ့ကုမ္ပဏီက လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ပျမ်းမျှအထွက်နှုန်းဟာ တစ်ဟက်တာကို ကီလို ၁၃၅ဝနဲ့ ရိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒေသအနံှ့အပြားမှာ ထုတ် လုပ်ခဲ့တဲ့ အဲဒီမျိုးစေ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ သယ်ယူစရိတ်မပါဘဲ တစ်ကီလို ကို ရူပီး ၁၅-၂၅ (ကန်ဒေါ်လာ ဝ ဒသမ ၃၄- ဝ ဒသမ ၅၆) ခန့် ရှိတယ်လို့ ဆိုပါတယ်။ သီးနံှရင့်မှည့်ကာလဟာ ရက်ပေါင်း ၁၈ဝ ဖြစ်ပြီး အခြားမျိုးစေ့တွေထက် စပ်မျိူးစေ့ ရဲ့ အကျိုးအမြတ်က သာလွန်တယ်လို့ ဆိုပါတယ်။ မဟာရပ်တရာရဲ့ Amrauati နဲ့ Yavatmalခရိုင်များမှာ စမ်းသပ်စိုက်ပျိုးခြင်းအရ တောင်သူ ၃ ဦး ဟာ ပဲစင်းငုံတစ်ဟက်တာကို ကီလို ၄ဝဝဝ ကျော်ထိ စံချိန်တင်ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်ရဲ့ Medak ခရိုင်က လယ်သမားတစ်ဦးကတော့ တစ်ဟက်တာ ၃၃ဝဝ ကီလိုနှုန်းရိတ်သိမ်း ထွက်ရှိခဲ့လို့ ဒေသမျိုးစိုက်ပျိုးခြင်းမှ ရရှိတဲ့ အကျိုးအမြတ် ရူပီး ၂၄ဝဝဝ (ကန်ဒေါ်လာ ၅၄၁) ယှဉ်ရင် ယခုစပ်မျိုးက တစ်ဟက်တာကို ရူပီး ၈၃ဝဝဝ (ကန်ဒေါ်လာ ၁၈၇ဝ) ကျော်ထိရရှိတယ်လို့လည်း ဆိုပါတယ်။ စမ်းသပ်မှုအရ အခြားပဲစင်းငုံမျိုးတွေနဲ့ယှဉ်ရင် စပ်မျိုးရဲ့ အရသာ ကွဲပြား ခြားနားမှု မရှိဘူးလို့ ဆိုပါတယ်။ ယမင်းခင်၊Source: businessline
Background