ရှမ်းနနွင်းဈေး ခပ်အေးအေး ရှမ်းနနွင်းဈေးကလည်း ဒီတစ်ပတ်ခပ်အေးအေးပါပဲ၊ ပြီးခဲ့တဲ့ အပတ်က တရုတ်ဝယ်လက်တွေ နနွင်းခါးကို ပရဆေးဖော်ဖို့ ဝယ်ယူကြပေမဲ့ ဒီတစ်ပတ်မှာတော့ အနည်းငယ်မျှသာ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ပင်လောင်း၊ ပေါင်းလောင်းက ထွက်တဲ့ နနွင်းဖြူတွေကတော့ လက်ကျန်တွေများနေပြီး တောင်သူ၊ လှောင်လက်တွေ ဆီမှာ ပိဿာချိန် သိန်းဂဏန်းခန့် ကျန်နေပါသေးတယ်။ လက်ကျန်များပေမဲ့ စိုက်တာကတော့ အရင်နှစ်တွေလိုပဲ ပြန်စိုက်ကြပါတယ်။ ပြည်တွင်းသုံး အမှုန့်ကြိတ်ဖို့ အတွက် နနွင်းဝါ၊ ပရဆေးဖော်ဖို့ နနွင်းဖြူတွေကိုသာ လက်လီ နည်းနည်းပါးပါးဝယ်ယူနေကြတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ပင်လောင်း၊ ပေါင်းလောင်း နနွင်းတွေက လက်ကျန်သိန်းဂဏန်းခန့် ကျန်ပေမဲ့ ဆင်တောင်နနွင်းကတော့ သောင်း ဂဏန်း လောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းဈေးတွေက ပင်လောင်းနနွင်း ဆိုရင်ဈေးမရှိ သလောက် ဖြစ်နေပြီး အဖြူစဆိုရင် ၃ဝဝ ကျပ်၊ အဝါစဆိုရင် ၈ဝဝ ကျပ်သာရှိပါတယ်။ ဆင်တောင်နနွင်းက တစ်ပိဿာ ၃ဝဝဝ ကျပ်ရှိပြီး ဟိုပုံးနနွင်းက တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
Background