နှမ်းဈေးအေးလာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၁-၁၂ ခုနှစ် မိုးနှမ်းစိုက်ဧက ၄ ဒသမ ၅၁ သိန်းကျော်အနက် ၄ ဒသမ ၅၆ သိန်းကျော် ၁ဝ၅ ရာခိုင်နှုန်းစိုက်ပျိုးပြီးကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ယခုရောင်းဝယ်နေတာက နွေနှမ်းခေါ် ရေသွင်းစိုက်ပျိုးပြီးထွက်ပေါ်ခဲ့တဲ့ နှမ်းများဖြစ်ပါတယ်။ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်ရှိ မြို့နယ်စုံမှ နွေနှမ်းများ မုံရွာကုန်စည်ဒိုင်သို့ တစ်ရက်ကိုတင်း ၅ဝဝ နဲ့ ၁ဝဝဝ ကြား ဝင်ရောက်လာလို့ ဈေးအနည်းငယ် အေးလာကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ဇူလိုင်လဆန်းက နှမ်း တစ်ပိဿာပေါက်ဈေးများမှာ နှမ်းညို ၁၁၆၇ ကျပ်၊ နှမ်းဖြူ ၁၂၆၇ ကျပ်၊ နှမ်းဆီ လက်ကား၂၆ဝဝ ကျပ်၊ လက်လီ ၂၇ဝဝ ကျပ်မှ ဇူလိုင်လ ၂၆ ရက်နေ့မှာ နှမ်းညို ၁၁ဝဝ ကျပ်၊ နှမ်းဖြူ ၁၁၃၃ ကျပ်၊ နှမ်းဆီ လက်ကား ၂၁၅ဝ ကျပ်၊ လက်လီ ၂၃ဝဝ ကျပ်သို့ ဈေးအေးခဲ့ကြောင်း သိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးသို့ နှမ်းဖြူ၊ နှမ်းညို တင်း ၁ဝဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်
Background