မုံရွာ V2 တက်ဈေးနဲ့ အဝယ်သွက် သြဂုတ်လဆန်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2 ဈေးတက်လာပြီး မန်းနဲ့ရန်ကုန်ဝယ်လက် အဆွဲသွက်လာခဲ့တယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။ ကုလားပဲအားလုံးပြီးခဲ့တဲ့ ဇူလိုင်လဆန်းကပေါက်ဈေး ထက် ဈေးပိုလာခဲ့ရာ သြဂုတ် လဆန်းမှာ V2 တစ်တင်း ၂၁၅ဝဝ ကျပ်မှ ၂၂ဝဝဝ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၅၅ဝဝ ကျပ်မှ ၁၆ဝဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၁၇ဝဝဝ ကျပ်မှ ၁၇၁ဝဝ ကျပ်၊ ကုလားပဲ 929 တစ်တင်း ၁၆၈ဝဝ ကျပ် ဈေးအသီးသီးပေါက်ခဲ့တာတွေ့ရပါတယ်။ V2 ဈေးကွက်မှာတော့ မန်းနဲ့ရန်ကုန်ဝယ်လက်တွေ အများဆုံးဆွဲခဲ့လို့ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်လျှင် အိတ် ၃ဝဝဝ မှ ၅ဝဝဝ ဝန်းကျင် နေ့စဉ်အရောင်း သွက်ခဲ့ပြီး၊ ကျန်ကုလားပဲတွေ ကတော့ လုပ်ငန်းသုံးအတွက် မန်းအဆွဲအနည်းငယ်နဲ့ ဒေသတွင်းခွဲစက်၊ ပဲကြော်ဖိုနဲ့ ပဲလက်လီသမားအဝယ် အသင့်အတင့်ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဇူလိုင် ၂၇ ရက်ကနေ သြဂုတ် ၃ ရက်နေ့အထိ မုံရွာ ကုန်စည်ဒိုင် ဈေးကွက်ကနေ ကုလားပဲစီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၅ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၁၆ဝဝဝ ခန့်ရှိခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ ထွန်းလှိုင်၊
Background