Main menu

Background

ပြည်ပဈေးကွက်ဝယ်လိုအားရှိတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်နှမ်းလှော်မှုန့်

Sun, 08/07/2011 - 09:38 -- Anonymous (not verified)

ပြည်ပဈေးကွက်ဝယ်လိုအားရှိတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်နှမ်းလှော်မှုန့်                 မြန်မာ့နှမ်းဟာ နိုင်ငံတကာဈေးကွက်နယ်ပယ်မှာ နေရာရရှိထား တဲ့ပြည်ပပို့ကုန်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ မြန်မာ့နှမ်းကို နိုင်ငံတကာဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချ ရာမှာ နှမ်းလှော်မှုန့်ပြုလုပ်ပြီးတင်ပို့ရောင်းချခြင်းက ပိုမိုတွက်ခြေကိုက်တယ်လို့ ဆိုပါတယ်။ နှမ်းများကို ကုန်ကြမ်းအတိုင်းသန့်စင်ပြီး ပြည်ပသို့ တင်ပို့ခြင်းထက် နှမ်းတန်ဖိုးမြှင့်ထုတ်ကုန် နှမ်းလှော်မှုန့် (White Sesame Powder) အဖြစ် ထုတ်လုပ်ခြင်းဖြင့် ဈေးနှုန်းပိုမို ရရှိလာခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်မှု နည်းပညာများ ရှာဖွေလေ့လာ တိုးတက်မှုရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ တန်ဖိုးမြှင့်ဈေးကွက်တွင် နေရာ ရလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိခြင်းနဲ့ ဒေသတွင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်းစတဲ့ အကျိုးကျေးဇူးများရရှိလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှ နှမ်းကို ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ တရုတ်နဲ့ မလေးရှား နိုင်ငံတို့က နှစ်စဉ်ပုံမှန် ဝယ်ယူနေကြကြောင်း သိရပါတယ်။အဲဒါ ကြောင့်လည်း နှမ်းလှော်မှုန့်ထုတ်လုပ်သူလုပ်ငန်းရှင်ကြီးများဟာ အဲဒီ ဈေးကွက်ကိုအခြေပြုပြီး ထုတ်လုပ်တင်ပို့လျက်ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ နှမ်းကို တင်ပို့လျက်ရှိရာမှာ ၂ဝဝ၇-၂ဝဝ၈ ခုနှစ်မှာ တန်ချိန် ၁၁၇ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး၊ ၂ဝဝ၈- ၂ဝဝ၉ခုနှစ်မှာ တန်ချိန် ၁ဝဝဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝဝ၉- ၂ဝ၁ဝ ခုနှစ်မှာတော့ တန်ချိန် ၉ဝဝဝဝ နီးပါးနဲ့ ၂ဝ၁ဝ-၂ဝ၁၁ခုနှစ် မှာ တန်ချိန် ၈ဝဝဝဝ နီးပါး တင်ပို့နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။                   ဒါပေမယ့် နှမ်းကို သန့်စင်ပြီး ပြည်ပတင်ပို့တဲ့ ပမာဏကများနေပြီး နှမ်းကို Value Added  ပြုလုပ်ပြီးတင်ပို့တဲ့ပမာဏက တော်တော် လေးနည်းနေသေးတာ တွေ့ရပါတယ်။ ဒါကြောင့် နှမ်းတွေကိုValue Added  ပြုလုပ်ပြီး ပြည်ပဈေးကွက်သို့ များများတင်ပို့ရန် လိုအပ် နေသေးကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ နှမ်းလှော်မှုန့် ထုတ်လုပ်တဲ့သူတွေ များလာပြီ                   ယခင်က ပြည်တွင်းမှာ နှမ်းများကို နှမ်းတန်ဖိုးမြှင့်ထုတ်ရန် နှမ်းလှော်မှုန့် (White Sesame Powder)  အဖြစ် ထုတ်လုပ်တဲ့ စက်ရုံ ၂ ရုံ ၃ ရုံလောက်ရှိရာက အခုအခါမှာတော့ ပြည်တွင်းစက်မှုဇုန်တွေ မှာ နှမ်းလှော်မှုန့်ထုတ် လုပ်တဲ့ စက်ရုံတွေ အပြိုင်အဆိုင်ထုတ်လုပ် လာတာတွေ့ရပါတယ်။ အဲဒီလို အပြိုင်အဆိုင်ထုတ်လုပ်လာကြတဲ့ အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများဟာ နှမ်းလှော်မှုန့်ကို အရည်အသွေးကောင်းအောင် ဖန်တီး ထုတ်လုပ်လာကြတဲ့ အတွက် မြန်မာ့နှမ်းလှော်မှုန့်ဟာ ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်းတစ်ခုအဖြစ် ရပ်တည်လာနိုင်တာကို တွေ့မြင်နေရပါပြီ။ ဒီလုပ်ငန်းတွေထဲမှ ပြည်တွင်းမှာ နှမ်းလှော်မှုန့်တွေကို အောင်မြင်စွာ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေကတော့ New Golden gate ၊ First Top  ၊ အောင်ကျွန်းသာနဲ့ စိမ်းရောင်စိုစတဲ့ ကုမ္ပဏီများပဲဖြစ်ပါတယ်။                      ''အရင်တုန်းကဆိုရင် ပြည်တွင်းမှာ နှမ်းလှော်မှုန့်ထုတ်လုပ်တဲ့ စက်ရုံကနည်းပါတယ်။ အခုတော့ ပြည်တွင်းမှာ နှမ်းလှော်မှုန့် ထုတ်လုပ်တဲ့ စက်ရုံတွေ အပြိုင်အဆိုင်ထုတ်လုပ်လာတော့ ကိုယ့် ဘက်ကလည်း အရည်အသွေးကို ဒီထက်ကောင်းအောင် ဈေးကွက် မပျောက်အောင် ဂရုစိုက်ပြီး ထုတ်လုပ်နေရတယ်''လို့ အောင်ကျွန်း သာကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးကြင်က ပြောပြခဲ့တာပါ။                      ယခင်က နှမ်းလှော်မှုန့်ပြုလုပ်ရာမှာ သဘာဝအတိုင်း ထင်းမီးဖိုကို အသုံးပြုကြပါတယ်။ အဲဒီလိုအသုံးပြု တဲ့အတွက် နှမ်းရဲ့ပင်ကိုယ် သဘာဝပျက်စီးခြင်း၊ ထင်းမီးဖို၏မီးခိုးငွေ့များ ရိုက်ခတ်မှုကို ခံစားရ ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းစတဲ့အချက်တွေကြောင့် နှမ်းလှော်မှုန့်ထုတ်လုပ်တင်ပို့သူ လုပ်ငန်းရှင်များဟာ ဖောက်သည်များရဲ့ ငြိုငြင်မှုကို ခံစားခဲ့ကြရပါတယ်။ နိုင်ငံခြားဝယ်လက်များ ဟာ မြန်မာနိုင်ငံကရရှိတဲ့နှမ်းလှော်မှုန့်ကို သဘော ကျနှစ်ခြိုက်ပေမယ့် နှမ်းလှော်မှုန့်ကို သမားရိုးကျ ထုတ်လုပ်ထားတာကြောင့် မူရင်း အရောင်ပျက်ပြားတဲ့အပြင် အနံ့အရသာပါ ပျက်ပြားတဲ့အတွက် ယခင်ကနှမ်းလှော်မှုန့်ထုတ်လုပ်သူတွေဟာ ပြည်ပဝယ်လက်များရဲ့ ငြင်းပယ် (Reject)  လုပ်ခြင်းကို မကြာခဏဆိုသလို ခံစားခဲ့ကြရပါ တယ်။                        ''ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ နှမ်းလှော်မှုန့်တွေ ပြုလုပ်ဖို့ အတွက် သန့်စင်ပြီး နှမ်းဖြူကိုသာ ကုန်ကြမ်း အဖြစ် အသုံးပြုပါတယ်။ သန့်စင်ပြီး နှမ်းဖြူတွေကို နှမ်းလှော်အိုးအတွင်းထည့်ပြီး ထင်းမီးဖိုနဲ့ အပူပေးပြီး ထုတ်လုပ်နေပါတယ်၊ နှမ်းလှော် စက်တွေက အဓိကကိုရီးယားစက်တွေပါ၊ ထုတ်လုပ်မှုပမာဏကတော့ တစ်နေ့ကို ၇ တန်၊ ၈ တန်လောက်ပါဘဲ၊ စက်ရုံ ၂ ရုံဆိုတော့ စုစုပေါင်း ၁၅ တန်လောက်တော့ ထုတ်လုပ်နေပါတယ်။ နှမ်းကို ထင်းမီးနဲ့ လှော်ရတာမှာ အလွန်သတိထားရပါတယ်။ ဘာလို့လဲဆိုတော့ မီးများ သွားရင် ဆီတွေထွက်ပြီး မီးလောင်မှာ စိုးတာကြောင့် ဂရုစိုက်ပြီး ထုတ်လုပ်ရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်တွေကို အနံ့မထိခိုက် အောင်လည်း လုပ်ရပါတယ်။ နောက်ပြီး နှမ်းလှော်မှုန့်ထုတ်လုပ် ရာမှာ Colour  ဘိုင်အိုစီပယ်နဲ့ Size 3  မျိုးလုံးညီအောင် ထုတ်လုပ် ရတာမို့ စက်နဲ့ လူအပေါ် များစွာ မူတည်နေပါတယ်'' လို့ First Top Group  ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ ဦးအင်းယားက ရှင်းပြပါတယ်။ မျိုးပြောင်းစိုက်ဖို့ စီစဉ်နေ                        နှမ်းလှော်မှုန့်ပြုလုပ်ဖို့အတွက် ကုန်ကြမ်းဖြစ်တဲ့ နှမ်းဖြူကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်တဲ့ မကွေး၊ မန္တလေးနဲ့ ကျောက်ဆည်ဒေသတွေကနေရရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လည်း မြန်မာ့နှမ်းဟာ တစ်ဧက အထွက်နှုန်း ၅ တင်းခန့်သာရှိတာကြောင့် ဒီထက်အထွက်နှုန်းများတဲ့ ကိုရီးယားနှမ်းမျိုးကို မကွေးဘက် မှာ ဧက ၁ဝဝဝ လောက်စိုက်မယ်လို့ စီစဉ်ထားကြောင်း သိရပါတယ်။ အဆိုပါကိုရီးယားနှမ်းမျိုးဟာ ရေကြိုက်ပြီး၊ အပင်က ၆ ပေလောက်ရှည်ပြီး အထွက်နှုန်းလည်းများကြောင်း သိရပါတယ်။ ''နှမ်းဖြူကို မကွေးနဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်အစ တွေကိုပဲ အများဆုံးသုံးပါတယ်။ ပြည်တွင်းမှာ နှမ်းသီးနံှကုန်ကြမ်း တွေကို ဝယ်ယူသုံးစွဲရတာ အခက်အခဲမရှိပါဘူး အဆင်ပြေပါတယ်။ ကိုယ်ပိုင်ဓာတ်ခွဲခန်းလည်းရှိတော့ နှမ်းရဲ့အရည်အသွေးကို အမြဲ မပြတ်စစ်ဆေးပြီး ဝယ်ယူစုဆောင်းပါတယ်''လို့ အဆိုပါပုဂ္ဂိုလ်ကပဲ ထပ်မံရှင်းပြပါတယ်။ အရေအတွက်များများ အရည်အသွေးကောင်းကောင်း တင်ပို့နေကြပြီ                      တောင်ကိုရီးယားနိုင်ငံဟာ နှမ်းလှော်မှုန့်ကို အဓိက တင်သွင်း နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနှမ်းလှော်မှုန့်ကို ဆီအဖြစ် ပြုပြင်ပြောင်းလဲပြီး ဟင်းချက်ရာမှာ ဟင်းရွက်ဆီအဖြစ် အသုံးပြုကြတယ်လို့ ဆိုပါတယ်။                        First Top Group  ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ ဦးအင်းယားက ''ကျွန်တော်တို့စက်ရုံက နှမ်းလှော်မှုန့်ကို အဓိက တင်ပို့တဲ့နိုင်ငံက ကိုရီးယားနိုင်ငံပါ။ ပြီးခဲ့တဲ့နှစ်က တန် ၂ဝဝဝ ခန့် ရှိပါတယ်။ ဒါပေ မယ့် နှမ်းလှော်မှုန့်ထဲမှာ ကျပ်ခိုးနံ့အနည်းငယ်ပါလို့ ကွန်တိန်နာ ၂ လုံးလောက်ပြန်ပို့ခံရတယ်။ ဒါကြောင့် အခု နှမ်းလှော်မှုန့်ထုတ်လုပ် ရာမှာ ပိုပြီးဂရုစိုက်ထုတ်နေရသလို ဈေးကွက်ကလည်းရှိနေတော့ ပုံမှန်ထုတ် လုပ်နေပါတယ်''လို့ ဆိုပါတယ်။                      အောင်ကျွန်းသာကုမ္ပဏီမှ ဦးစိုးကြင်က ''ကျွန်တော်တို့က နှမ်းလှော်မှုန့်ကို ရွှေပြည်သာစက်မှုဇုန် ၃ မှာ ၂ဝဝ၉ ခုနှစ်လောက်က စပြီး ထုတ်လုပ်ခဲ့တာပါ။ တစ်နေ့ကို အရင်က ၁ဝ တန်လောက် ထုတ်လုပ်ပြီး အခုတော့ တစ်နေ့ကို ၁၂ တန်အထိ ထုတ်လုပ်နေ ပါတယ်။ ကုန်ကြမ်းကတော့ နှမ်းဖြူကိုပဲသုံးပြီး သမားရိုးကျထင်းမီးနဲ့ လှော်ပါတယ်။ ထင်းမီးနဲ့ လှော်ရတော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ မီးမများအောင်၊ အနံ့ကင်းအောင် ဂရုစိုက်ရပါတယ်။ အရင်က တစ်လကို ကွန်တိန်နာ အလုံး ၂ဝ လောက် ပုံမှန်တင်ပို့ခဲ့ပါ တယ်။ အဓိကပို့တာတော့ ကိုရီးယားပါ။ အဲဒီတုန်းက အမှုန့်ဖြစ်ရင် ပြီးရောဆိုပြီး ပို့ခဲ့တယ်။ နည်းစနစ်ကလည်း မကျသေးတာကြောင့် ကွန်တိန်နာ ၁၇ လုံးလောက် Reject  ဖြစ်ခဲ့ရတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အမှုန့်ပြဿနာမရှိအောင် Quality  ကောင်းအောင် ထုတ်လုပ်ခဲ့ရတယ်'' လို့ ရှင်းပြပါတယ်။                         စိမ်းရောင်စိုကုမ္ပဏီမှ ဒါရိုက်တာ ဦးဟန်ဝင်းက ''ဒီနှမ်းလှော်မှုန့် တွေကို မကွေးမြို့မှာ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလလောက်မှာ လုပ်သားအင်အား ၁၅ ဦးနဲ့ စထုတ်လုပ်ခဲ့တာပါ။ ထုတ်လုပ်တာ ကတော့ သမားရိုးကျထင်းမီးနဲ့ပဲ လှော်တာပါ။ စထုတ်လုပ်တုန်းက တစ်နေ့ကို တစ်တန်လောက်ပါပဲ။ အခုနောက်ပိုင်းမှာတော့ တစ်နေ့ကို ၃ တန်အထိ တိုးပြီးထုတ်လုပ်နေပါတယ်။ နှမ်းလှော်မှုန့်ထုတ်လုပ်တဲ့ ကုန်ကြမ်းတွေကတော့ နှမ်းဖြူနဲ့ နှမ်းနက် ၂ မျိုးစလုံးပါ။ စပြီး ထုတ်လုပ်တဲ့အချိန်က ယနေ့အထိ ကိုရီးယားပို့တာ ကွန်တိန်နာအလုံး ၅ဝ လောက်ရှိပါပြီ။ အခုလည်း ဈေးကွက်တောင်းဆိုမှုအရ တောက် လျှောက်ထုတ်လုပ်နေပါတယ်'' လို့ ရှင်းပြပါတယ်။                         New Golden Gate ကုမ္ပဏီမှ ဦးအုန်းဆိုင် ကလည်း ''ဒီနှမ်းလှော်မှုန့်တွေကို ကိုရီးယားကိုအဓိကတင်ပို့ ရောင်းချပါတယ်။ စထုတ်လုပ်ကတည်းက အခုချိန်ထိ ကိုရီးယားကို ကွန်တိန်နာအလုံး ၅ဝ လောက်ရှိပြီ။ Reject  မရှိသေးဘူး။ ကိုရီးယားပို့တဲ့အခါမှာ Acid value 3%  ထက်မပိုအောင် ဂရုစိုက်ရပါတယ်။ ဈေးကွက်မှာ နှမ်းလှော်မှုန့်က Quality  ကောင်းတာကြောင့် တောက်လျှောက် ထုတ်လုပ်နေရတယ်''လို့ ဆိုပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလား                      နှမ်းလှော်မှုန့်ထုတ်လုပ်မှုလုပ်ငန်းဟာ တွင်ကျယ်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာပါတယ်။ ဒါ့ပြင် လုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်ဖို့အတွက် ကိုရီးယားပညာရှင်တွေ မကြာခဏလာရောက်ပြီး သင်တန်းပို့ချပေးနေတာကြောင့် အလုပ် သမားတွေအနေနဲ့ စက်ယူနစ်ကိုင်တွယ်ရာမှာ ပိုမိုအဆင်ပြေလာ ကြောင်း သိရှိရပါတယ်။ နှမ်းလှော်မှုန့်ကို လျှပ်စစ်နဲ့ ထုတ်လုပ်ရာမှာ အားသာချက်တွေ ရှိလာ                       နှမ်းလှော်မှုန့်ထုတ်လုပ်ရာမှာ သမားရိုးကျထင်းမီး ထက်စာရင် လျှပ်စစ်နဲ့ထုတ်လုပ်ရတာပိုပြီး အဆင်ပြေကြောင်း သိရပါတယ်။ လျှပ်စစ်မီးနဲ့တပ်ဆင်ထားတဲ့နှမ်းလှော်စက်ဟာ ရေဆေးသန့်စင် စက်ရှိတဲ့အတွက် အရည်အသွေး ပိုမိုကောင်းမွန်စေတယ်။ လှော်စက်တွေမှာ အလိုအလျောက်ထိန်းသိမ်းတဲ့စနစ် တပ်ဆင်ထားလို့ နှမ်း ပျက်စီးမှုမရှိဘူး။ နှမ်းရဲ့မူရင်းအရသာမပျက်တဲ့အပြင် ကြပ်ခိုးနံ့ နံခြင်းကိုပါ ကာကွယ်ပေးတဲ့အတွက် ပြည်ပအကြိုက် နှမ်းလှော်မှုန့် အဖြစ် ဈေးကွက်အတွင်း နာမည်ကောင်း ရရှိစေကြောင်း သိရပါ တယ်။ ဒါ့ပြင် စက်နဲ့အအေးခံတဲ့အတွက် အချိန်တိုအတွင်းမှာ များများထုတ်လုပ်နိုင်ပါတယ်။ အမှုန့်ကြိတ်စက်၊ အမှုန့်ချ ဆန်ကာ စက်တွေကလည်း ခေတ်မီ စက်တွေဖြစ်တာကြောင့် ပြည်ပဈေးကွက် အကြိုက် အရည် အသွေးကောင်းတဲ့ နှမ်းလှော်မှုန့်ကို ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့ပြင် ထင်းမီးကို သုံးစွဲခြင်းဟာ ပတ်ဝန်းကျင်ညစ်ညမ်း မှုကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် မီးဘေးအန္တရာယ်ကိုပါ စိုးရိမ်ရပါတယ်။ ဒါကြောင့် ထင်းမီးနဲ့စာရင် လျှပ်စစ်နဲ့အပူပေးပြီး နှမ်းလှော်မှုန့် ပြုလုပ်ခြင်းဟာ ပိုမိုအဆင်ပြေနိုင်ကြောင်း နှမ်းလှော်မှုန့်ထုတ်လုပ်သူ များရဲ့ပြောပြချက်အရ သိရှိရပါတယ်။ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်သည့် ခေတ်မီစက်ရုံများ ဖြစ်ပေါ်လာရန် လိုအပ်နေသေး                   နှမ်းလှော်မှုန့်ဟာ ကိုးရီးယားဈေးကွက်မှာ ရောင်းတန်းဝင်ပစ္စည်း တစ်မယ်ဖြစ်နေပေမယ့်လည်း ပြည်ပဈေးကွက်ရဲ့လိုအပ်ချက်ကို ပြည့်မီအောင် တင်ပို့နိုင်ခြင်းမရှိသေးတာကို တွေ့ရှိနေရပါတယ်။ First Top  ကုမ္ပဏီရဲ့ဥက္ကဌဖြစ်သူ ဦးအင်းယားက''ကျွန်တော် တို့ နှမ်းလှော်မှုန့် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်းတွေကို ပြည် တွင်းထွက်ရှိရာ ဒေသများမှာ ဝယ်ယူရတာအဆင်ပြေလို့ ကုန်ကြမ်း အတွက် အခက်အခဲမရှိပါဘူး။ နှမ်းလှော်မှုန့်က ကိုရီးယားဈေးကွက် ရဲ့ တစ်နှစ် လိုအပ်ချက်ပမာဏက တန်ချိန် ၈ဝဝဝ ခန့်ရှိနေတယ်။ ပြည်တွင်းရှိ နှမ်းလှော်မှုန့်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ စုစုပေါင်းပို့တဲ့ ပမာဏက တစ်နှစ်ကို တန်ချိန် ၃ဝဝဝ လောက်ပဲရှိတယ်ဆိုတော့ ပြည်ပဝယ်လိုအားက များနေ တယ်။ ပြည်တွင်းထုတ်လုပ်မှုက နည်းနေတော့ ပြည်ပဈေးကွက်ရဲ့ လိုအပ်ချက်ပမာဏကို ပြည့်မီအောင် ထုတ်လုပ် မှုကို မြှင့်တင်ရန် လိုအပ်တယ်'' လို့ ရှင်းပြပါတယ်။ ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ စက်မှုနည်းပညာတွေ လည်း တိုးတက်လာသလို ပြည်တွင်းရှိ နှမ်းတွေကို Value Added  ထုတ်လုပ်တဲ့ စက်ရုံတွေများလာပါတယ်။ ဒါပေမယ့် နှမ်းဖြူကိValue Added  တန်ဖိုးမြှင့်ထုတ်ကုန် နှမ်းလှော်မှုန့်အဖြစ် ထုတ်လုပ်တဲ့ သမားရိုးကျထင်းမီးနဲ့ ထုတ်လုပ်တဲ့စက်ရုံတွေကများပြီး ခေတ်မီစက်ကြီး ခေတ်မီနည်းပညာနဲ့ ထုတ်လုပ်တဲ့ စက်ရုံက တော်တော်လေး နည်းနေတာတွေ့ရပါတယ်။ နှမ်းဖြူအား ကုန်ကြမ်းအတိုင်း သန့်စင်ပြီး တင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်နှမ်းလှော်မှုန့် အဖြစ် ထုတ်လုပ်တင်ပို့ပါက တောင်သူတွေလည်း အကျိုးရှိ ထုတ်လုပ်တင်ပို့ သူတွေလဲ အဆင်ပြေ နိုင်ငံတော်ဘက်ကပါ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိ လာတဲ့အတွက် နှမ်းတန်ဖိုးမြှင့်ထုတ်ကုန်နှမ်းလှော်မှုန့်ကို ဒီထက်ပိုပြီး ထုတ်လုပ်တင်ပို့နိုင်ရန် ကြိုးပမ်းဖို့ လိုအပ်ပါကြောင်း ရေးသားလိုက်ရ ပါတယ်။