Main menu

Background

စပါးခွံဓာတ်ငွေ့သုံး ပုသိမ်သူ (၁၁) ရှပ်ပြေးအမြန်ရေယာဉ် ပုသိမ်-ငပုတော-သရက်တော ခရီးစဉ်ပြေးဆွဲပြီ

Mon, 09/26/2011 - 08:10 -- Anonymous (not verified)

စပါးခွံဓာတ်ငွေ့သုံး ပုသိမ်သူ (၁၁) ရှပ်ပြေးအမြန်ရေယာဉ် ပုသိမ်-ငပုတော-သရက်တော ခရီးစဉ်ပြေးဆွဲပြီ                   ဧရာဝတီတိုင်းဒေသကြီး ပို့ဆောင်ရေးကဏ္ဍတွင် စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရန် ရည်ရွယ်၍ စက်သုံးဆီကုန်ကျစရိတ်သက်သာသော စပါးခွံဓာတ်ငွေ့သုံး သံဘော်ဒီ ပုသိမ်သူ (၁၁) ရှပ်ပြေးအမြန်ရေ ယာဉ်ကို ပုသိမ်ခရိုင် ငပုတောမြို့နယ် ဂုံညင်းတန်းကျေးရွာအုပ်စု သရက်တောကျေးရွာ ကျေးလက်ဒေသ အသေးစား စက်မှုလက်မှု လုပ်ငန်းမှထုတ်လုပ်၍ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းပို့ဆက်ရုံးတွင် လုပ်ငန်း လိုင်စင်လျှောက်ထားပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှစပြီး ပုသိမ်-ငပုတော-သရက်တော ခရီးစဉ်ပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။                   ပုသိမ်(၁၁)ရှပ်ပြေးအမြန်ရေယာဉ်တွင် တရုတ်နိုင်ငံထုတ် YANGDONG 70 BHP  အင်ဂျင်ကို စပါးခွံဓာတ်ငွေ့ဖြင့် မောင်းနှင်ပြေးဆွဲလျက်ရှိကြောင်း၊ ယခင်ဒီဇယ်အင်ဂျင်ဖြင့် မောင်းနှင်ရာတွင် ပုသိမ်သရက်တော ခရီးစဉ်ရေမိုင် ၂၈ မိုင်ခန့်ကို ဒီဇယ် ၁၅ ဂါလန်၊ လက်ရှိ ၁ ဂါလန်ဈေး ကျပ် ၃၀၀၀ နှုန်းဖြင့် ကျပ်ငွေ ၄၅၀၀၀ ကျပ် ကုန်ကျမည်ဖြစ်ပြီး စပါးခွံဓာတ်ငွေ့ဖြင့် မောင်းနှင်ရာတွင် စပါးခွံ ၃၂ အိတ်၊ စပါးခွံဖိုးကုန်ကျငွေပေါင်း ၄၅၀ ကျပ်သာရှိသောကြောင့် စက်သုံးဆီဖိုးကုန်ကျငွေကို လျှော့ချနိုင်ပြီး၊ ကုန်ကျစရိတ်များစွာ လျော့နည်းမှုရှိကြောင်း သိရပါတယ်။ ပုသိမ်သူ (၁၁)ရှပ်ပြေး အမြန်ရေယာဉ်မှာ စက်သုံးဆီဖိုး ကုန်ကျစရိတ်သက်သာသည့်အပြင် ရေယာဉ်အမြန်နှုန်းမှာလည်း ဒီဇယ်အင်ဂျင်ဖြင့် မောင်း နှင်ရာထက် လျော့နည်းမှုမရှိဘဲ ယခင်လေးနာရီခွဲ ငါးနာရီမောင်းချိန်မှ ယခု စပါးခွံဓာတ်ငွေ့ဖြင့် မောင်းနှင် ချိန်မှာ ၃ နာရီ၊ ၃ နာရီခွဲသာရှိကြောင်း၊ ခရီးစဉ်အချိန်ကို လျှော့ချနိုင်သည်သာမက ယခင်စက်သုံးဆီဖြင့် မောင်းနှင်ရာတွင် ပုသိမ်-ငပုတော-သရက်တောခရီးစဉ်ကို တစ်ဦး ကျပ် ၁၅၀၀ နှုန်းဖြင့် ပို့ဆောင်ပေး လျက်ရှိရာမှ ယခုအချိန် ဈေးနှုန်းတစ်ဝက်ခန့် လျော့နည်းပြီး တစ်ဦး ကျပ် ၇၀၀ ဈေးနှုန်းဖြင့် ခရီးသည် ၄၀ ဦးခန့်ကို စပါးခွံဓာတ်ငွေ့သုံး ပုသိမ်သူ(၁၁)ရှပ်ပြေးအမြန်ရေယာဉ်ဖြင့် ပုသိမ်-ငပုတော-သရက်တော ခရီးစဉ် သရက်တော ကျေးရွာမှ နံနက် ၄ နာရီနဲ့ ပုသိမ်မြို့မှ မွန်းတည့် ၁၂ နာရီနေ့ချင်းပြန် ပြေးဆွဲလျက် ရှိကြောင်း သိရပါတယ်။ မင်းမင်းဦး