တရုတ်ပြောင်းဝယ်ယူမှု မြင့်တက်ဖွယ်ရှိ သြဂုတ်လအတွင်း တရုတ်နိုင်ငံရဲ့ ပြောင်းတင်းသွင်းမှုဟာ ၁၀ လအတွင်း အများဆုံး ပမာဏကို ရောက်ရှိ ခဲ့ပြီး ယခင်လထက် ၄၂ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၂၄၄၅၀၂ တင်သွင်းခဲ့တယ်လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုဌာနမှ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ မြင့်တက်နေတဲ့ တိရစ္ဆာန် အစာဝယ်လိုအားကို ဖြည့်တင်းဖို့ တရုတ်ပြောင်း တင်သွင်းမှု ဆက်လက် မြင့်တက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ သြဂုတ်လ ၃၁ ရက်မှာ ကုန်ဆုံးတဲ့ ဈေးကွက်နှစ်အတွင်း တရုတ်နိုင်ငံက ပြောင်း တန်ချိန် ၁ ဒသမ ၃ သန်း တင်သွင်းခဲ့လို့ ယခင်နှစ်တင်သွင်းခဲ့တဲ့ တန်ချိန် ၇၁၅၆၇၈ ထက်ပိုမို ဝယ်ယူခဲ့ပါတယ်။ နိုင်ငံရဲ့ ရေရှည် ပြောင်းတင်သွင်းမှုကလည်း တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ ပြည်တွင်းကောက်ပဲသီးနှံလေ့လာ ဆန်းစစ်သူ များကဆိုပါတယ်။ ပြည်တွင်းပြောင်း ရောင်းချမှုနည်းတဲ့အတွက် နှစ်စဉ်တင်သွင်းမှုဟာ ပမာဏ အားဖြင့် တန်ချိန် ၉ သန်း၊ သို့မဟုတ် ၁၀ သန်းလောက်အထိ မြင့်တက်နိုင်တယ် လို့လည်း Shanghai JC Intelligence ကုမ္ပဏီမှ လေ့လာ ဆန်းစစ်သူ Xiao Jun ကပြောကြားပါတယ်။ ပြောင်းသိုလှောင်မှုနည်းပြီး၊ ဝယ်လိုအားတက်တာ ကြောင့် အဓိက ပြုပြင်ထုတ်လုပ်တဲ့ ရှန်ဒေါင်းပြည်နယ်လက်ငင်းဈေးဟာ ပြက္ခဒိန်နှစ်စက စပြီး ၃၃ ရာခိုင်နှုန်း ခန့်မြင့်တက်ခဲ့ပါတယ်။ ရိတ်သိမ်းကာလမရောက်မီ ဈေးကွက်ဝယ်လိုအား ဖြည့်ဆည်းဖို့ ဗဟိုအစိုးရ သိုလှောင်မှုထဲက ပြောင်း တန်ချိန် ၃ ဒသမ ၇ သန်း ထုတ်ရောင်းသွားမယ်လို့ ဘေဂျင်းပြည်နယ်ကောက်ပဲသီးနှံ အုပ်ချုပ်မှုက ပြောကြား ပါတယ်။ ယခုနှစ်သီးနှံ အထွက်တိုးမယ့် အလားအလာအရ ယခုလအတွင်း ကမ္ဘာ့ဈေးကျဆင်းခဲ့ရာမှ တရုတ်နိုင်ငံက ဝယ်လက်ပြန်ထွက်ရင် ဈေးနှုန်းကို အထောက်အပံ့ဖြစ်လာ နိုင်တယ် လို့လည်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ တရုတ်အစိုးရက တောင်အမေရိက ပြောင်းကို စိတ်ဝင်စားနေပြီး အထူး သဖြင့် အာဂျင်တီးနားပြောင်းကို စိတ်ဝင်စားလျက်ရှိရာ နောင်နှစ်နောက်ဆုံး ၃ လအတွင်း အမြောက်အမြား တင်သွင်းနိုင်တယ်လို့ Xiao ကပြောကြားပါတယ်။ ယမင်းခင်၊Source: Dowjones.com
Background