တရုတ်နိုင်ငံဘက်မှ ကုန်အဝယ်လိုက်ခြင်းကြောင့် မူဆယ်-မန်း အတက်ကုန်ခ ဈေးတက်
မူဆယ်သို့ မန္တလေးဘက်မှ ကုန်ပစ္စည်းများ တင်ပို့မှုများလာခြင်း၊ ငွေဈေးမာခြင်းကြောင့် အတက်ကုန်ခဈေးမှာ ရက်ပိုင်းအတွင်း မြင့်တက်မှုရှိလာကြောင်း သိရပါတယ်။ "ဒီရက်ပိုင်းမှာ ကုန်အတက်များတဲ့အတွက် မန္တလေးမှာကုန်ပို့ဖို့ ကားသိပ်မကျန်တော့ဘူး။ ကားနည်းသွား တဲ့အတွက်ကြောင့်လည်း အတက်ဈေးတက်တာ၊ ၃၊ ၄ ရက်ပဲ ရှိသေးတယ်။ ၁၀ ရက်နေ့ကထက်ကို ဈေးမြင့်လာတာ။ ငွေဈေးကလည်း မငြိမ်ဘူး။ အရင်ရက်ကတက်လိုက်ကျလိုက်ဖြစ်နေတာ။ ဒီရက်မှ ငွေဈေးပြန်မာလာတာ၊ အရောင်းအဝယ်လည်းပြန်လိုက်လာတယ်။ ပြောင်း အဝယ်များနေတယ်။ အပေါ်မှာ ကားစုနေတဲ့အတွက် အဆင်းကုန်ဈေးကလျော့ကျလာတယ်"လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အတက်ကုန်များမှာ ပြောင်းတင်ပို့မှုများပြီး ပဲတီစိမ်း၊ နှမ်းအနည်းငယ်တင်ပို့မှုရှိကြောင်း သိရပါတယ်။ အတက်ကုန်ဈေး တစ်ပိဿာ ၇၄ ကျပ်၊ ၇၅ ကျပ်ဈေးရှိပါတယ်။ အဆင်းကုန်များတွင် စက်ပစ္စည်းများ၊ ဗြုန်းစက်နဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်း၊ ရွှေတောလုပ်ငန်းသုံးနဲ့ ရေနံပိုက်လိုင်းအတွက် လုပ်ငန်းသုံးပစ္စည်းများ၊ မြေဆီ၊ လူသုံးကုန်နဲ့ အိမ်သုံးပစ္စည်းများ အဆင်းများကြောင်းသိရပါတယ်။ အဆင်းကုန်ခဈေးမှာ ၁၀၅မိုင်မှ မန္တလေးသို့ အောက်တိုဘာ ၉ရက်က တစ်ပိဿာ ၁၀၅ကျပ်ရှိရာမှ ၉၅ကျပ်ဈေးဖြင့် ပြန်ဆင်းလာကြောင်း သိရပါတယ်။ ဇူးဇူး
