သီရိပဒေသာ ယာဉ်ရပ်နားစခန်း ကားအစီးရေ ၄၀၀ ကျော် အဝင်အထွက်ရှိ
ပြင်ဦးလွင်မြို့ သီရိပဒေသာယာဉ်ရပ်နားစခန်းကို ၂၀၀၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှစပြီး ဖွင့်လှစ်ခဲ့ရာ နေ့စဉ်ကားအစီးရေ ၄၀၀ ကျော်အဝင်အထွက်ရှိကြောင်း သိရပါတယ်။ ကားကွင်းကိုအခြေပြုပြီး တစ်ထပ်ဈေး ဆိုင်ခန်း ၄၀ ခန်း၊ နှစ်ထပ် လူနေပွဲရုံ ၁၄၀ ခန်း ဆောက်လုပ်ထားပြီး ပြင်ဦးလွင် - မန်း၊ ပြင်ဦးလွင် - နောင်ချိုနဲ့ ပြင်ဦးလွင်-ရန်ကုန်သို့ ယာဉ်လိုင်း ၂၂ လိုင်းပြေးဆွဲလျက်ရှိပါတယ်။ ထပ်မံပြီး ပြင်ဦးလွင်-မန်းယာဉ်လိုင်း ၂ လိုင်းတိုးချဲ့ရန် စီစဉ်လျက်ရှိပြီး၊ မိုးကုတ်လမ်းပိုင်း ဖောက်လုပ်ပြီး စီးပါက တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရပါတယ်။ သီရိပဒေသာကားဝင်းကြီးကြပ်ရေးမှူး ဦးဟန်ညွန့်မှ "ကားကွင်းမှာ ၁ ထပ်ဆိုင်ခန်း ၂၂ ခန်း ဖွင့်လှစ်ထား တယ်။ ၃ ခန်းကမရောင်းရသေးဘူး။ ဖွင့်လှစ်ထားတဲ့ဆိုင်ခန်းတွေက ဒေသထွက်ကုန် လက်ဆောင်ပစ္စည်းတွေ ရောင်းနေတယ်။ ပွဲရုံဆိုင်ခန်းက ၁၈ ခန်းဖွင့်လှစ်နေပြီး၊ ကျန်တာက ပြင်ဆင်နေတာရော၊ မရောင်းရသေးတာရောဘဲ။ ဆိုင်ခန်းတစ်ခန်းကို သိန်း ၃၀၀ နဲ့ ၃၅၀ ကြားရှိတယ်။ ကျွန်တော်တို့က မြေငှားရမ်းခပဲ ကောက်ခံတာ။ ၁ ထပ်ဆိုင်ခန်းဆို ၁လမှာ ၃၅၀၀ ကျပ်၊ ၂ ထပ်ဆိုင်ခန်းဆို ၅၀၀၀ ကျပ်ကောက်တယ်။ မီတာခကလည်း တစ်ယူနစ်မှ ၅၀ ကျပ်၊ ရေကလည်း တစ်ယူနစ်မှာ ၅၅ ကျပ်လောက်ပဲကျတယ်။ ပွဲရုံတန်းက ကုန်စိမ်းနဲ့ ပန်းတွေကို ရန်ကုန်မြို့ကို အများဆုံးတင်ပို့နေတယ်။ လားရှိုးဘက်က ပန်းတွေလည်း ဒီမှာဝင်တယ်။ ခရီးသည်ယာဉ်လိုင်းလည်း ထပ်မံပြေးဆွဲဖို့ အစီအစဉ်ရှိတယ် " လို့ ပြောပါတယ်။ ကားဝင်းလုံခြုံရေးနဲ့ သန့်ရှင်းသပ်ရပ်မှုရှိစေရန် လူနေထိုင်ခွင့်မပြုဘဲ ည ၈ နာရီနဲ့ နံနက် ၄ နာရီအတွင်း မည်သူမျှ ဝင်ရောက်ခွင့်မပြုကြောင်း၊ ညနေ ၆ နာရီခွဲ မှာ ကားဝင်းပိတ်ပြီး ကွမ်းတံတွေးနဲ့အညစ်အကြေးများ သန့်ရှင်းရန်နေ့စဉ်ပြုလုပ်ကြောင်း ကြီးကြပ်ရေးမှူး ကပြောပါတယ်။ ပြင်ဦးလွင်မြို့ကို အခြေပြုပြေးဆွဲတဲ့ ယာဉ်လိုင်းများသာ ကားဝင်းအတွင်း ရပ်နားခွင့်ရှိပြီး၊ တစ်ခါတစ်ရံ လားရှိုး-ရန်ကုန်ပြေးဆွဲတဲ့ ယာဉ်လိုင်းများလည်း လာရောက်ရပ်နားမှုရှိကြောင်း သိရပါတယ်။ ပြင်ဦးလွင်မြို့ကို ဖြတ်သန်းသွားလာတဲ့ ယာဉ်များအား ကားဝင်းအတွင်းရပ်နားရန် သတ်မှတ်ထားခြင်းမရှိကြောင်း၊ လာရောက်ရပ်နားပါကလည်း ဂိတ်ဝင်ကြေး သာပေးပြီး ရပ်နားခွင့်ပြု ကြောင်း သိရပါတယ်။ ဇူးဇူး ပြင်ဦးလွင်
