ထိုင်းနိုင်ငံမှာရေလွှမ်းမိုးမှုဖြစ်ပေါ်နေခြင်းက ကမ္ဘာ့ဆန်တင်ပို့မှုကို လျော့ကျစေနိုင်
ထိုင်းနိုင်ငံရဲ့ နှစ်စဉ် ဆန်ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းရှိတဲ့ အဓိကစပါးထွက်ရှိမှုဟာ ရေလွှမ်းမိုးမှု မဖြစ်ပေါ် ခင်က ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ပြီး၊ တန်ချိန် ၂၅ ဒသမ ၁ သန်းအထိ စံချိန်တင်ထွက်ရှိမယ်လို့ အစိုးရက ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် နှစ် ၅၀ ကျော်အတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံစပါးခင်း ၁၄ ရာခိုင်နှုန်း လောက် အထိ ရေနစ်မြုပ်မှုဖြစ်နေတဲ့အတွက် ကမ္ဘာ့ ဆန်တင်ပို့မှု မှာလည်း များစွာလျော့ကျနိုင်တယ်လို့ သိရပါတယ်။ ကမ္ဘာ့အခြေခံစံနှုန်း ထိုင်းဆန်တင်ပို့ဈေးဟာ ဒီဇင်ဘာလ မှာ ၂၁ ရာခိုင်နှုန်း တိုးတက်ပြီး၊ ကန်ဒေါ်လာ ၇၅၀ ထိ ရှိလာနိုင်တယ်လို့ နိုင်ငံရဲ့အကြီးမားဆုံး လက်လီရောင်းသူ l CP Intertrade ကုမ္ပဏီဥက္ကဌ Sumeth Loomoraphorn ကပြောကြားပါတယ်။ နိုင်ငံအတွင်း ပြည်နယ် ၇၇ ခုအနက် ၆၂ ခုမှာ အပူပိုင်းမုန်တိုင်းများကြောင့် ရေနစ်မြုပ်ခဲ့ရာ လယ်မြေ ဟက်တာ ၁ ဒသမ ၄ သန်း ပျက်စီးခဲ့ပြီး၊ စပါးတန် ချိန် ၇ သန်းခန့် ဆုံးရှုံးခဲ့တယ်လို့ အစိုးရက ပြောကြားပါတယ်။ အဲဒီပမာဏက ဆန်တန်ချိန် ၄ ဒသမ ၆ သန်းနဲ့ညီမျှပြီး အမေရိကန်စိုက်ပျိုးရေးဌာနက အဲဒီပမာဏထက် ဆန် တန်ချိန် ၁ သန်းပိုမိုခန့်မှန်းထားပါတယ်။ ကမ္ဘာ့လူဦးရေထက်ဝက်ရဲ့ အဓိကအစားအစာဆန်ဟာ အမေရိကန်မှာ မိုးခေါင်ခြောက်သွေ့မှုကြောင့် စပါးထွက်ရှိမှု ၁၃ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ရာမှ ယခုနှစ်မှာ စိုက်ပျိုးရေး ထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာ ခဲ့တာဖြစ်ပါတယ်။ ထိုင်းအစိုးရက တောင်သူများရဲ့ ဝင်ငွေမြင့်မားဖို့ ဈေးကွက်ပေါက်ဈေးရဲ့အထက်နဲ့ ဝယ်ယူမှု စတင်ခဲ့တဲ့အတွက် ဆန်ဈေးလည်းမြင့်တက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ စံချိန် တင် မြင့်တက်ခဲ့ပြီး၊ အခြားသီးနှံ ဈေးတွေကျဆင်းလို့ ၅ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာဈေးကို ထိုင်းဆန် ဈေးမြင့်တက်ခြင်းဟာ တဖန်ပြန်လည် မြှင့်တင်ဖို့ ဖြစ်စေနိုင် တယ်လို့လည်း FAO ဆိုပါတယ်။ ဆန်တင်ပို့ဈေး ယခုနှစ်အတွင်း ထိုင်းဆန်တင်ပို့ဈေး တစ်တန်ကန် ဒေါ်လာ ၆၂၂ ကို ၁၂ ရာခိုင်နှုန်းမြင့်တက်စဉ် ချီကာကိုမှာ ဂျုံဈေးဟာ ၁၉ ရာခိုင်နှုန်းနဲ့ ပဲပုပ်ဈေးမှာ ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ယခုနှစ် ဆန်တင်ပို့မှု အားလုံးရဲ့ ၃၁ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံမှ တင်ပို့ဖွယ်ရှိသဖြင့် ကမ္ဘာ့ဈေးကွက် များဟာ ထိုင်းနိုင်ငံအပေါ် မူတည်တယ်လို့ USDA မှ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ ဆန်ထုတ်လုပ်မှုဟာ ယခင်နှစ် များထက် ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တန်ချိန် ၄၆၁ ဒသမ ၄ သန်းရှိနိုင်ပြီး၊ ဝယ်လိုအားမှာ တန်ချိန် ၄၅၇ ဒသမ ၈ သန်းရှိမယ်လို့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ခန့်မှန်း ထားပါတယ်။ အမေရိကန်စပါးထွက်ရှိမှုရဲ့ ၄၂ ရာခိုင်နှုန်း ထုတ်လုပ်တဲ့ အာကန်ဆတ်မှ တောင်သူများဟာ ယခုနှစ်စပိုင်း ရေလွှမ်းမိုးပြီးနောက်ပိုင်းမှာ မိုးခေါင်မှုနဲ့ ကြုံတွေ့ရလို့ ၃၂ ရာခိုင်နှုန်းခန့် အထွက်ကျဆင်းနိုင်တယ်လို့ USDA က ခန့်မှန်း ထားပါတယ်။ ကယ်လီဖိုးနီးယားနဲ့ လူးဝစ်စီနားပြီးရင် စတုတ္ထမြောက် အများဆုံး ထုတ်လုပ်တဲ့ တက္ကဆပ်ဟာ ၁၈၉၅ နောက်ပိုင်း အပူဆုံး ၁၂ လဖြစ်ခဲ့တဲ့အတွက် ထုတ်လုပ်မှုကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၀ ခုနှစ်မှာ အကြီးဆုံးဝယ်လက်ဖြစ်ခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံမှာ ယခုနှစ်မုန်တိုင်းများကြောင့် ဆန်တန်ချိန် ၆ သိန်းခန့် ပျက်စီးခဲ့လို့ နိုင်ငံနှစ်စဉ်စားသုံးမှုရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်း ခန့်ရှိတယ်လို့ NFA အုပ်ချုပ်သူ Lito Banayo က ပြောကြားပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ယခုနှစ် ရေလွှမ်းမိုးမှု တွေကြောင့် ဆုံးရှုံးမှုဖြစ်တဲ့တိုင် ဆန်တန်ချိန် ၁၁ သန်းအထိ ၂၂ ရာခိုင်နှုန်း တိုးတက်တင်ပို့နိုင်တယ်လို့ စီးပွားကူးသန်း ဒုတိယဝန်ကြီး Yanyong Phuangrach က ပြောကြားပါ တယ်။ ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံ စပါးစိုက်ဧရိယာ ၁၃ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်မှာ ၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားမှာ ၁၂ ရာခိုင်နှုန်းနဲ့ လာအိုမှာ ၇ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ပျက်စီးခဲ့တယ်လို့ FAO က ဆိုပါတယ်။ အဲဒီလို ဆုံးရှုံးမှုများကြောင့် ငွေကြေးဖောင်းပွမှုအပေါ် ဖိအားဖြစ်စေနိုင် တယ်လို့ ဆိုပါတယ်။ တောင်အမေရိကမှာလည်း လာနီညာ ဖြစ်စဉ်ကြောင့် မိုးနည်းခဲ့လို့ ပဲပုပ်လို အခြားသီးနှံတွေ ပြောင်းလဲစိုက်ပျိုးလာကြလို့ စပါးထွက်ရှိမှုက ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ဝါရင့်သုတေသနပညာရှင် Bruno Lanfranco က အောက်တိုဘာ ၂၁ ရက်မှာ ပြောကြားပါတယ်။ လမင်း၊Source: Bloomberg
