Main menu

Background

သားတို့ သမီးတို့ စားဖို့ ငါးနောင်ရှိပါဦးမလား

Sun, 10/30/2011 - 04:38 -- Anonymous (not verified)

               မှတ်မှတ်ရရ တစ်နေ့က သမီးလေးနှင့်အတူ ဈေးသွားဖြစ်သည်။ သမီးလေး ကငါးမုတ်စားချင်တယ် ဖေဖေဆိုတာနဲ့ ကိုယ်တိုင် ဝယ်ပေးချင်တာနဲ့ ဈေးသွားဖြစ်တာပါ။ ဈေးထဲမှာ ဟိုဆိုင်ဝင် သည် ဆိုင်ဝင်နဲ့ သမီးလေးအကြိုက်ဝယ်ခြမ်းပေးရင်း သည်လိုနှင့် ငါးသည် တန်းရောက်သွားပါသည်။ သမီးလေးစားချင်သည့် ငါးမုတ် ငါးသည် တန်းမှာ လိုက်ရှာရသည်။                   မိမိမျက်စိပင် မယုံနိုင်အောင် ဖြစ်ရပါသည်။ ဈေးမဝယ်ဖြစ် တာကြာတော့ မိမိတော်တော် အံ့သြထိတ်လန့်သွားမိပါသည်။ဈေး ဝယ်သူအများကတော့ မိမိတို့နှင့်မဆိုင်သည်လား၊ ဗဟုသုတအခြေခံ မရှိကြ၍ မသိလို့ဘဲလား၊ ရေရှည်မတွေးတော မိကြ၍လား တော့ မသိပါ။အေးအေးဆေးဆေးပင်၊ မိမိကတော့ တက္ကသိုလ်တုန်းက သင်ကြားခဲ့တာ လေးတွေ ခေါင်းထဲဗြုန်းကနဲ ဝင်လာတော့ တော်တော် ထိပ်လန့်သွားမိပါသည်။ ဈေးထဲတွင် ရောင်းချနေသည့် ငါးများသည် ငါးပေါက်အရွယ် အလွန်သေးငယ်သည့် ငါးများကို ရောင်းချနေကြ ခြင်းပင်၊ ငါးမုတ် ကိုကြည့်ပါဦး ၃လက်မ ၃.၅ လက်မအရွယ် အရွယ် မရောက်သေးသည့် ငါးသားပေါက်ခါစ၊ ငါးငယ်ကလေးများသာ၊ အခြားငါးများသည်လည်း ဤနည်းနှင်နှင်ပင်။ ငါးမုတ်တွေက သေးလှချည်လား၊ ဘယ်လိုဖြစ်တာလဲ။ ကျွန်တော်စပ်စုမိသည်။ " အကြီးတွေက နိုင်ငံခြားပို့တယ်လေ၊ Export ပေါ့ဒီမှာကတော့ သူတို့ ရွေးကျန်တာ ပဲရတယ်လေ" ဟုဈေးသည် လေးက သူ့ပညာအရည်အချင်းအတွေး အရပြန်ပြောသည်။အော် ဒို့ပြည်သူတွေ အသိပညာနည်းရလေခြင်းဟုလည်း တွေးမိသည်။                       သူလည်းသူသိသလောက် လေးပဲတွေးတတ်မှာပေါ့။ပြောမှာပေါ့။ အရင်ကဆိုလျှင် ငါးမုတ်တွေ အရွယ်ကြီးတွေ ပေါပေါများများ တွေ့ရသည်၊ နိုင်ငံခြားလည်း ပို့ပါသည်။ သူတို့ပြောသလို Export ပေါ့။ကျောင်းတုန်းက အဏ္ဏဝါဗေဒကို စိတ်ဝင်စားလွန်း၍ တမင်ရွေး ခဲ့သည်ကိုက စိုးရိမ်ထိတ်လန့်စေပါသည်။ဆရာသမားတို့သင်ကြားခဲ့ သည့် သယံဇာတယုတ်လျော့သည့်လက္ခဏာများ ထင်းကနဲခေါင်းထဲပြေးဝင်လာကြပါသည်။                      ကျောင်းတုန်းကစာတွေ ပြန်စဉ်းစားကြည့်တော့၊ ငါး၊ ပုစွန်တို့ ခန္ဓာကိုယ်အရွယ်အစား တဖြည်းဖြည်း သေးငယ်လာခြင်း၊ ငါး၊ ပုစွန် တို့ အရွယ်ရောက်သည့် အရွယ်အစားထက် သေးငယ်သောအရွယ် များကို အမြောက်အမြား ဖမ်းမိလာခြင်း။ စုစုပေါင်းအထိအမိဟုခေါ်ပါသည်။ တစ်ကြိမ်ငါးဖမ်းထွက်တိုင်း ထိမိနေကျ ကုန်ချိန်ထက် နည်းပါးစွာ ငါးဖမ်းရမိလာပါကလည်းကောင်း။ နှစ်ပေါင်းများစွာ ပုံမှန် ဖမ်းဆီးရမိနေကျ ကုန်ချိန်အရေအတွက်ထက် နည်းစွာထိမိ နေပါက လည်း သယံဇာတယုတ် လျော့လာသည့် သဘောပင်ဖြစ်သည်။ ထို့ပြင်သတ်မှတ်ဧရိယာယူနစ် တစ်ခုတွင် သတ်မှတ်သောကိရိယာနှင့် ဖမ်းဆီးရမိနှုန်းသည် အချိန်ကာလကြာမြင့် လာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ပါး လာပါက သယံဇာတယုတ်လျော့နည်းပါးလာသည်ကို ပြညွှန်းသည့် လက္ခဏာပင်ဖြစ်ပါသည်။ ယခုထိုလက္ခဏာတွေကို ကိုယ်တွေ့မျက်မြင်ကြုံနေရပြီ၊ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ် ငန်းများ နိုင်ငံတော်က ဘာတွေများ ဆောင်ရွက် နေပြီနည်း၊ သယံဇာတယုတ်လျော့သည့် လက္ခဏာတွေကို သယံဇာတသုံးစွဲသူတွေ၊ ရှင်းရှင်းပြောရရင်တော့ ငါးဖမ်းစက်လှေပိုင်ရှင်တွေ သတိကောထားမိကြရဲ့လားမသိပါ။                    အမှန်ကတော့ အရွယ်ရောက်ငါး ကြီးတွေရော တန်ဖိုးရှိ အရွယ်မရောက် ငါးအသေးလေးများကို အမြောက်အမြား ရောထွေး ဖမ်းကြလို့ ငါးငယ်လေးတွေ ကြီးထွားခွင့်မရတော့ဘဲ တဖြည်းဖြည်း အရွယ်သေးလာပြီး၊ ကြီးကောင်မဝင်သေးတဲ့ ငါးတွေပဲဖမ်းမိလာ တော့တာပေါ့။ ငါးတွေအရွယ်သေးလာတယ်။ သေးတဲ့ ငါးတွေပါ တင်ကျန်အောင်ဆိုပြီး ပိုက်ကွက်ကို ပိုသေးအောင် လုပ်ဖမ်းကြပြန်တော့ အရင်လွတ်ထွက်နိုင်တဲ့ ငါးငယ်လေးတွေတောင် မလွတ်နိုင်တော့ပြန်ပဲ။ တဖြည်းဖြည်း ငါးအရွယ်တွေသာ သေးလာတယ် အကြီးငါးတွေမတွေ့ရတော့ဘူး။ ဒီလိုနဲ့ပဲ သံသရာလည်ပြီး သယံဇာတ ဆုံးပါးပျောက်ကွယ်သွားကြရတာ နိုင်ငံတကာမှာ သင်ခန်းစာ နမူနာယူစရာ တွေအများကြီးပဲ။ လောဘသမား၊ ငါးဖမ်းလှေပိုင်ရှင် တွေကတော့ ရက်ပိုတောင်းပြီးဖမ်းကြဖို့ စိုင်းပြင်းနေတုန်းပဲလေ။                  သို့နှင့် စိတ်တထင့်ထင့်နှင့် အိမ်ပြန်ရောက်တော့ စုဆောင်း ထားသည့် စာတမ်းဆောင်းပါးများ ပြန်လှန်လှော ရှာဖွေရပါတော့ သည်။မိမိနိုင်ငံ သယံဇာတ ဘယ်အခြေဆိုက်နေပြီလည်း ဆိုသည်ကို သိလိုစိတ် ပြင်းထန်လာတော့သည်၊                    ငါး၊ ပုစွန်သယံဇာတတွေ ဒီလိုအခြေ ဆိုက်နေပြီ ဆိုသည်ကို ပြည်သူ တွေ၊ တာဝန်ရှိသူတွေ ကို အသိပေးဖို့ တာဝန် မိမိမှာရှိလာပြီ၊ အမှန်မှာ ဤသို့ဖြစ်ရသည်မှာ ပင်လယ်တွင် ငါး၊ ပုစွန်သယံဇာတများကို စည်းမဲ့ကမ်းမဲ့ တရားလွန် ဖမ်းဆီးခဲ့ကြသည့်အပြင် အသေးအမွှား ကြီးကောင်မဝင်၊ အရွယ်မရောက်သေး သည့် တန်ဖိုးရှိလာမည့် ငါးငယ်လေးများကို ရောပြွမ်းဖမ်းဆီးခဲ့ကြ သည့် အကျိုးဆက်ပင်၊ ပို၍ ဝမ်းနည်းဖွယ်ကောင်းသည်က နိုင်ငံ တကာတွင် ဝိသမလောဘသမားတို့၏ နိုင်ငံပို့ကုန် လျော့နည်း သွားနိုင်သည်၊ GDP  လျော့ကျသွားနိုင်သည်ဟု အကြောင်းပြကာ ပင်လယ်ထဲတွင် မိမိတို့ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းပင်။                    အခြားနိုင်ငံများ၏ ဥပမာကိုကြည့်ပါ မိမိတို့၏ ငါးသယံဇာတ ယုတ်လျော့လာသည်ကို သုတေသနပညာရှင်များက တိကျစွာ ထောက်ပြလာသည်ကို အလေးဂရုပြုသည့်အနေနှင့် နိုင်ငံတော်၏ အကျိုး၊ နောင်လာနောက်သား သားစဉ်မြေးဆက်တို့ အကျိုးကြည့် ကာ သယံဇာတပျက်စီးစေသည့် အောက်ခြေတိုက် တရွတ ်ဆွဲပိုက် များကို ဖမ်းဆီးခွင့် လုံးဝပိတ်ပစ်လိုက်ပါသည်။ နိုင်ငံတကာ သုတေ သနရလဒ်များ၊ ဖော်ထုတ် သုတေသနတင်ပြချက်များအရ ပင်လယ် သမုဒ္ဒရာကြမ်းပြင်ရှိ ငါး၊ ပုစွန်တို့ နေထိုင်ပေါက်ပွားကြီးပြင်းရာ နေ အိမ်သဖွယ်ဖြစ်သည့် ပင်လယ်ကြမ်းပြင်အောက်ခြေရှိ အပင်သတ္တဝါ များအားလုံး ဂေဟစနစ်ကို တိုက်ဆွဲပွတ်တိုက် ဖျက်ဆီးပစ်သည့် ငါးဖမ်းနည်းစနစ်ဖြစ်သည်။ လုံးဝပိတ်ပင်တားမြစ်သင့်သည့် ငါးဖမ်း နည်းစနစ်တစ်ခု ဖြစ်သည်။                       ဥပမာ အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၈၀ ခုနှစ်များက အာရာဖူရာ ပင်လယ်မှလွဲ၍ အောက်ခြေတရွတ်ဆွဲ ငါးဖမ်းသင်္ဘောများကို တရားဝင်ပိတ်ပင်ခဲ့ပါသည်။ တရွတ်ဆွဲပိုက်များ ဖမ်းဆီးခွင့်ပေးသည့် အရာ ဖူရာ ပင်လယ်တွင်ဖမ်းဆီးသော တရွတ်ဆွဲပိုက်များသည် ရောထွေး ဖမ်းမိငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် Bycatch excluder devices ကိရိယာတပ်ဆင်မှသာ ဖမ်းဆီး ခွင့်ပြုပါသည်။ ငါး/ပုစွန်သယံဇာတကို ထိန်းသိမ်းစေခြင်း၊ မလိုအပ်ပဲ တန်ဖိုး ရှိ ငါး သားပေါက်လေးများ ဆုံးရှုံးခြင်းမှကာကွယ်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပုစွန်ဖမ်းသင်္ဘောများတွင် ရောထွေးဖမ်းမိ ငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် By-catch excluder devices များ အမှန်တကယ်တပ်ဆင်ကြရဲ့လား၊ မေးစရာဖြစ်လာသည်။ အမှန်တော့ ပုစွန်နိုင်ငံခြားပို့ကုန်များသည် ရောထွေးဖမ်းမိ ငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် By-catch excluder devices တပ်ဆင်ဖမ်းဆီးသော ပုစွန်များကိုသာ နိုင်ငံခြားမှ တင်သွင်းခွင့်ပြုပါသည်။                                 (ဆက်လက်ဖော်ပြပါမည်)