ကျောက်ဆည်မြို့နယ်မှာ စက်တင်ဘာလ နောက်ဆုံးပတ်မှ ယနေ့အထိ မြေပဲ၊ နှမ်းဈေးနှုန်းဟာ ဈေးငြိမ်လျက်ရှိကြောင်းသိပါတယ်။ မြေပဲတောင့်တစ်တင်း ၆၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၅၀၀၀ ကျပ်၊ နှမ်းညို တစ်တင်း ၁၉၀၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၂၁၅၀၀ ကျပ်ဈေးရှိပါတယ်။ မြေပဲဆီတစ်ပိဿာ ၃၈၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၄၀၀ ကျပ်၊ စားဆီတစ်ပိဿာ ၁၈၀၀ ကျပ်ဈေးရှိပါတယ်။ ဆောင်းမြေပဲ၊ ဆောင်းနှမ်း စိုက်ရန် စိုက်ပျိုးစရိတ်အတွက် လက်ကျန်များ ထုတ်ရောင်းခြင်းဖြစ်တယ်လို့သိရပါတယ်။ အထွက်နှုန်းကောင်းတဲ့ V2 ကုလားပဲ၊ ကုလားပဲရိုးရိုးဈေးကွက်မှာလည်း တောင်သူများမျိုးချန်ထားပြီး၊ ကျောက်ဆည်ပွဲရုံများမှာ သွားရောက်ရောင်းချ လျက်ရှိပါတယ်။ V2 ကုလားပဲတစ်တင်း ၂၂၀၀၀ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်း ၁၇၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ကျောက်ဆည်မြို့ရဲ့ နာမည်ကြီး မိုးထောင်ငရုတ် ဈေးကွက်ကတော့ အနည်းငယ်ဈေးမြင့်လာပါတယ်။ မိုးထောင်ငရုတ်တစ်ပိဿာ ၂၀၀၀ ကျပ်၊ သာမိုနဲ့ ဒီမွန်ငရုတ်မျိုး ကတော့ ၁၉၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ယခုလို မိုးအကုန်ဆောင်းအကူးကာလမှာ တောင်သူများ လက်ကျန်မထားတော့ဘဲ ကျောက်ဆည် ' အေးမြကြည်လင်ဈေး' ပွဲရုံတန်းမှာ ကားကြီး၊ ကားငယ် အသွယ် သွယ်ဖြင့် အရောင်းအဝယ်စည်ကားလျက်ရှိပါတယ်။ တောင်သူများရဲ့ အဆိုအရ ဒီနှစ်ဆောင်းအမီစိုက်ပျိုးမယ့် ကုလားပဲ၊ မြေပဲ၊ နှမ်း၊ ငရုတ်၊ ကြက်သွန်နီသီးနှံများအား မိုးနှောင်းကောင်းခဲ့တဲ့အတွက် အစို ဓာတ်အားကိုးပြီး စိုက်မှာဖြစ်လို့ အထွက်နှုန်း လည်းကောင်းနိုင်တယ်လို့ ဆိုကြ ပါတယ်။ နှင်းလဲ့လဲ့မိုး
Background