ဈေးကွက်အလားအလာ ကောင်းမွန်လာခြင်းနဲ့ ပြည်ပတင်ပို့မှု အလားအလာ ကောင်းမွန်လာခြင်းတို့ကြောင့် ဘာစာမလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ တစ်လကျော်အတွင်း အမြင့်ဆုံး ပမာဏကို ရောက်ရှိခဲ့ပါတယ်။ ဇန်နဝါရီလအတွက် စားအုန်းဆီကြမ်း အခြေခံစံနှုန်းစာချုပ်ဈေးဟာ တစ်တန်ရင်းဂစ် ၃၀၀၇ (ကန်ဒေါ်လာ ၉၇၈)အထိဖြစ်ခဲ့ပါတယ်။ ဥရောပခေါင်းဆောင်များနဲ့အတူ ပုဂ္ဂလိကဘဏ်များ၊ အာမခံသူများမှ ဥရောပ ကြွေးမြီးပြဿနာကို ဖြေရှင်းခြင်းသတင်းများအပြင် ရေနံဈေးနှုန်းနဲ့ ပဲပုပ်ဆီ ဈေးပိုမိုလာခြင်းတို့က လက်ရှိစားအုန်းဆီကြမ်းဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။ စားအုန်းဆီကြမ်း ဝယ်လိုအားလည်း ကောင်းလာဖွယ်ရှိပြီး၊ အောက်တိုဘာလ ပထမ ၂၅ ရက်အတွင်း တန်ချိန် ၁ ဒသမ ၄ သန်းအထိ ယခင်လကာလတူထက် ၁၆ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုတင်ပို့ နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကုန်သည်များကတော့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း စားအုန်း ဆီကြမ်း ထုတ်လုပ်မှု၊ မြင့်တက်မှုအပေါ် စိုးရိမ်မှု အားကောင်းနေဆဲလို့ သိရပါတယ်။ စက်တင်ဘာလမှာ စားအုန်းဆီလက်ကျန် တန်ချိန် ၂ ဒသမ ၁၂ သန်းရှိလို့ ဇွန်လ အတွင်း တန်ချိန် ၂ ဒသမ ၀၅ သန်းအထိ မြင့်တက်ပြီးနောက် အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။မကြာမီ မုတ်သုံရာသီကုန်ဆုံးမှာဖြစ်ပြီး၊ စားအုန်းဆီထုတ်လုပ်မှုအများဆုံးရာသီ ရောက်လာတော့မယ်လို့ ကုန်သည်အများစု က မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် Oil World က ခန့်မှန်းထားတာကတော့ ကမ္ဘာ့လူဦးရေတိုးတက်မှု ကိုဖြည့်ဆည်းဖို့နဲ့ ဇီဝလောင်စာ တိုးချဲ့ထုတ်လုပ်ဖို့ ကမ္ဘာ့ဆီထွက်သီးနှံဝယ်လိုအား တိုးတက်မှာဖြစ်လို့ ၂၀၁၂ အစပိုင်းမှာ စားအုန်းဆီဈေး မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ ပဲပုပ်ရောင်းချမှုက လက်ရှိဝယ်လိုအားအတွက် အလုံ အလောက်ရှိနေပေမယ့် လက်ကျန်လျော့နည်းမှာဖြစ်လို့ ၂၀၁၂ အစပိုင်း တောင် အမေရိကဒေသရဲ့ ပဲပုပ်ရိတ်သိမ်းထွက်ရှိမှုအပေါ်မူတည်နေတယ်လို့ Oil World မှ ဆိုပါတယ်။ လက်ရှိ စားအုန်းဆီဈေးဟာ ပဲပုပ်ဆီဈေးထက် တစ်တန်ကန်ဒေါ်လာ ၁၉၀ ကွာခြားမှုရှိနေပြီး၊ လက်ငင်း ဈေးကွက်မှာ နိုဝင်ဘာလအတွက် ပို့ရမယ့် သန့်စင်ပြီး စားအုန်းဆီဈေးဟာတစ်တန်ကန်ဒေါ်လာ ၁၀၃၀ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာရင်းဂစ် ၃၅ မြင့်တက်ပြီး ရင်းဂစ်၂၉၉၅ (ကန်ဒေါ်လာ ၉၇၄) ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊ Source: malaysia star
Background