ဧရာဝတီတိုင်းဒေသကြီးရဲ့ အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ယခင် ၂ နှစ်၊ ၃ နှစ် ခန့်က မြို့လယ် အချက်အချာကျသော ကုန်သည်လမ်း၊ မြေနုလမ်း၊ ရွှေစေတီ လမ်း၊ တရုတ်ကျောင်းလမ်း၊ ဈေး ညချောင်းလမ်း၊ ဘွတ်ကြီးတန်းလမ်း၊ မင်းကြီးလမ်း၊ ပေ ၄၀ _ ၆၀ မြေပိုင် အဆောက်အအုံပါ နှစ်ထပ်အိမ်ဈေး နှုန်းမှာ ကျပ်သိန်း ၆၀၀-၁၀၀၀ မှ ယခု အချိန်တွင် အဆောက်အအုံပေါ် မူတည်၍ ကျပ်သိန်း ၂၀၀၀-၄၀၀၀ အတွင်း ဈေးနှုန်းမြင့်တက်လျက်ရှိပြီး၊ ပုသိမ်မြို့တွင်း ကမ္ဘောဇဘဏ်ဖွင့်လှစ် ထားသော မဟာဗန္ဓုလလမ်းမှာ ယခင် ကျပ်သိန်း ၁၅၀-၂၀၀ မှ ယခုလက်ရှိ ပေါက်ဈေး ကျပ်သိန်း ၂၅၀၀-၃၀၀၀ အတွင်း အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရပါတယ်။ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ပုသိမ်မြို့တွင် ယခင်ကထက် ဘဏ် လုပ်ငန်းများဖွံ့ဖြိုးလာမှု၊ ဆန်စပါးအထူး ပြုကုမ္ပဏီနဲ့ ပုဂ္ဂလိက စက်သုံးဆီကဏ္ဍ များဖွံ့ဖြိုးမှု၊ ပြည်ပပို့ကုန် ကဏ္ဍများ နဲ့အတူ မြို့တွင်းလမ်းများတွင်လည်း ကွန်ကရစ်လမ်းများပြုပြင်ခင်းထား၍ လမ်းကောင်းမွန်မှုတို့ကြောင့် ဧရာဝတီ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အိမ်၊ ခြံ၊ မြေဈေး မြင့်တက်လျက် အရောင်းအဝယ်သွက်လျက်ရှိပါတယ်။ ပုသိမ်မြို့တွင်းပိုင်းနဲ့နီးတဲ့ ရပ်ကွက် များရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းမှာလည်း ယခင်ကျပ်သိန်း ၃၀၀-၅၀၀ မှ ယခု အချိန် ကျပ်သိန်း ၁၀၀၀-၁၅၀၀ ပတ် ဝန်းကျင် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး၊ ပုသိမ်စက်မှုဇုန်မြေဈေးမှာ ပေ ၄၀ _ ၆၀ တစ်ကွက် ကျပ် ၂၅ သိန်းမှ ယခု လက်ရှိပေါက်ဈေး ကျပ်သိန်း ၄၀- ၅၀ အတွင်း အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သိရပါတယ်။ ပုသိမ် FOB ဆိပ်ကမ်းနယ်မြေနဲ့ ပေါင်းဆန် စက်ရုံတည်ဆောက်မဲ့ ပုသိမ်မြို့ ကျောက်ငူ-ဝဲဒေါင့်-မာတလမ်းမြေဈေး ကွက်မှာ ယခင် ပေ ၄၀_ ၆၀ တစ်ကွက် ၈၀-၁၀၀ ကျပ်သိန်းမှ ယခုတစ်လ၊ နှစ်လအတွင်း ကျပ်သိန်း ၄၀၀-၅၀၀ အတွင်း ဈေးနှုန်း မြင့်တက်လျက်ရှိ ကြောင်း၊ ပုသိမ်မြို့ မဟာဗန္ဓုလလမ်း " အဓိပတိ" တိုက်အိမ်၊ ခြံ၊ မြေရောင်းဝယ်ရေးလုပ်ငန်းမှ သိရပါတယ်။ မင်းမင်းဦး
Background