(ယခင်အပတ် မှ အဆက်) နောက်သယံဇာတ ရုတ်လျော့ဆုံးရှုံးသွားသော အနီးဆုံး ဥပမာကို ပြရလျှင် အိမ်နီးချင်းထိုင်းနိုင်ငံကို ကြည့် ပါ။ ထိုင်းနိုင်ငံသည် ၁၉၆၁-၁၉၆၅ ခုနှစ် တွင်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပထမဦးဆုံးသော ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အနာဂတ် တိုးတက်ရေးစီမံချက်များ အရ ထိုင်းနိုင်ငံ တွင် အင်အားကြီးမားပြီး၊ ဖမ်းဆီးနိုင်စွမ်း အားမြင့်မားသည့် တရွတ်ဆွဲငါးဖမ်းနည်း စနစ်၊ စက်အားဖြင့်တွန်းကာ ဖမ်းဆီးနိုင် သော ငါးဖမ်းနည်းစနစ်များကိုသုံးကာ ဖမ်းဆီးခြင်းကို စတင်မိတ်ဆက်ဖမ်းဆီးခဲ့ ကြပါသည်။ လွန်စွာဖမ်းဆီးနိုင်စွမ်း မြင့်မားသောကြောင့် ငါးအထိ အမိသိသာ ထင်ရှားစွာ တိုးတက်လာသည်ကို ၎င်းတို့ ဖော်ပြသော သုတေသနရလဒ်များအရ သိရှိခဲ့ကြရပါသည်။ထိုင်းနိုင်ငံ ၏ နိုင်ငံခြား ပို့ကုန်ပမာဏနှင့် တစ်မျိုးသားလုံးဝင်ငွေ GDP သည်လည်းထင်ရှားစွာ မြင့်တက်လာပါသည်။ ထိုင်းအစိုးရသည် သို့အတွက် ရေလုပ်ငန်း ပို့ကုန်ပိုမိုမြှင့်တင်ရေးကို ဆတက်ထမ်းပိုးတိုးကာ ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်။ထိုင်းငါးဖမ်းလှေများသည် မိမိတို့ရေပိုင်နက်အပြင် မိမိတို့ နှင့်ထိစပ်နေသည့် နိုင်ငံရေပိုင်နက်များကိုပါ မိမိတို့ထိုင်းနိုင်ငံ GDP တိုးမြှင့်ရေးအတွက် တရား ဝင်နည်း၊တရားမဝင်နည်းကိုပါ ကျင့်သုံးဖမ်းဆီးလာသည်ကို ထိုစဉ်က ထိုင်းငါးဖမ်းသင်္ဘောများပေါ်တွင် ငါးခိုးဖမ်းရာတွင် လိုက်ပါခဲ့ကြသည့် မြန်မာအလုပ်သမားငယ်များ ယခုဆိုလျှင် မြန်မာ့ရေပြင်တွင်ငါးဖမ်းအတွေ့အကြုံ အတော်ရင့်ကျက်နေသူ တို့၏ စိတ်အစဉ်တွင် မိမိတို့တိုင်းပြည်သယံဇာတ မိမိတို့ ပြန်ခိုးပေးခဲ့ရသည့် အဖြစ်ပြန်ပြောင်းစဉ်းစားကြည့်လျှင် ရင်နာတတ်မည် ဆိုလျှင် ရင်နာနိုင်ပေသည်။ထို့ကြောင့် ထိုင်းနိုင်ငံ၏ နှစ်စဉ်ငါးထုတ်လုပ်မှုသည် ၁၉၆၁ ခုနှစ်တွင် မက်ထရစ်တန် ၃၀၅ ၇၅၀ တန် ထုတ်လုပ်ခဲ့ရာမှ ၁၉၆၅ခုနှစ်တွင် မက်ထရစ်တန်ပေါင်း ၇၂၀ ၂၈၂ တန် ထုတ်လုပ်ကာ ငါးနှစ်တာကလအတွင်း နှစ်ဆ တိုးတက်လာခဲ့သည်။၁၉၇၇ ခုနှစ် တွင် မက်ထရစ်တန်ချိန်သန်းပေါင်း ၂ သန်းအထိတိုးတက်အောင်ထုတ်လုပ်ခဲ့ကြသည်ကို တွေ့ရသည်။ သို့သော်၁၉၇၇ နောက်ပိုင်းတွင် ငါး ထုတ်လုပ်မှုသည် ထို့ထက်တိုးတက်ထုတ် လုပ်နိုင်မှု မရှိတော့သည်ကိုတွေ့ ရသည်။ အဘယ့်ကြောင့်နည်း ၎င်းတို့သတိ မထားခဲ့သည်က ငါးသယံဇာတ၏ သဘောမှာ အမြင့်ဆုံးထုတ်လုပ်နိုင်သည့် ပမာဏMaximum Sustainable Yield (MSY) ထက်ပိုမိုထုတ်လုပ်ပါက သယံဇာတသည် ပထမ တိုးတက်ထုတ်နိုင်ခြင်းမရှိဘဲ တန်ဖိုး တစ်ခုပတ်ဝန်းကျင်တွင် တန့်နေမည်ဖြစ်ပြီး ထို့ထက်ပိုမိုထုတ်လုပ်ရန်ကြိုးစားပါက တစ်ဖြည်းဖြည်းဆုတ်ယုတ် လျော့ပါး ပျက်စီးသွားပေလိမ့်မည်။ ၁၉၇၇ ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ငါးထုတ်လုပ်မှုသည် စတင်ကျဆင်းစပြု လာပါသည်။သုတေသနစာစောင် တွင် ထိုကျဆင်းရခြင်းမှာ အချက် နှစ်ချက်ကြောင့်ဟုပြဆိုထားသည်။ပထမအချက်မှာ ပင်လယ်ပြင်ကန့်သတ်စီးပွားရေးဇုန်ကို ရေမိုင် ၂၀၀ သတ်မှတ်လိုက်သည့်အတွက် မိမိတို့နှစ်နယ်နိမိတ်ခြင်းထိစပ်နေသည့် နိုင်ငံ၏ငါးဖမ်း ကွက်များသို့ သွားရောက် ငါးဖမ်းရန် အခက်အခဲရှိလာခြင်း။ဒုတိယအချက်မှာ ထိုင်းပင်လယ်ကွေ့အတွင်း အဆမတန် တရားလွန်ငါးဖမ်းဆီးမှုကြောင့်ငါး အလွန်အကျွံဖမ်းဆီးမှုခံရခြင်းလက္ခဏာများဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပါသည်။ နမူနာယူစရာပင်မဟုတ်ပါလား။ ၁၉၇၇ ခုနှစ်တွင် Aunterpracha ၏သုတေသနရလဒ် တင်ပြချက်အရ ထိုင်းနိုင်ငံပင်လယ်ကွေ့အတွင်း သယံဇာ တထိန်းသိမ်းခြင်းလုပ်ငန်းကို လျင်မြန်စွာအရေးပေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြခဲ့ပါသည်။ထို့ကြောင့် ထိုင်းနိုင်ငံ အစိုးရသည် ထိုင်း ပင်လယ်ကွေ့အတွင်းတွင် တရွတ်ဆွဲပိုက်ငါးဖမ်းခြင်းကို လုံးဝပိတ်ပင်ပေးခဲ့ပါသည်။ ပြန်လည်သုံးသပ်ကြည့်လျှင် ၁၉၇၂ ခုနှစ်ကတည်းက ထိုင်ပင်လယ်ကွေ့အတွင်း ငါးလုပ်ငန်းထုတ်လုပ်မှုကို ခေတ်မီငါးဖမ်းနည်းစနစ်များနှင့် နိုင်ငံ၏ GDP ကို တိုးတက်အောင်ငါးဖမ်းဆီးထုတ်လုပ်ခဲ့ရာ ထင်ရှားသော အချက်အလက်များက ငါးသယံဇာတ ထုတ်လုပ်သင့်သည်ထက် ပိုမိုထုတ်လုပ်ခဲ့ကြကြောင်း တွေ့ရှိခဲ့ကြရပါသည်။ ၁၉၇၃ ခုနှစ်နောက်ပိုင်းတွင် ထိုင်းပင်လယ်ကွေ့သုတေသနရလဒ်များအရ တရွတ်ဆွဲပိုက်မျာငါးအထိအမိ၏ ၇၀ ရာခိုင်နှုန်းသည် ငါးပုစွန်သားပေါက်လေးများ၊တန်ဖိုးကြီးမားသည့် ငါးအမျိုးအစားသားလောင်းများ ဖြစ်ကြသည်ကို တွေ့ရ ကြောင်းဖော်ပြခဲ့ပါသည်။ မိမိတို့မြန်မာနိုင်ငံရေပြင်တွင်ကော သည်လိုပဲလား ထိုနည်းနှင်နှင် ပင်မဟုတ်ပါလား။သို့နှင့် မြန်မာနိုင်ငံ ၏ ငါးထုတ်လုပ်မှုအချက်အလက်များကို လေ့လာကြည့်မိပါသည်။ မြန်မာနိုင်ငံ၏ရောထွေးဖမ်းမိငါးများကို သုံးသပ်ပြ ထားသော စာတမ်း တစ်စောင်တွင် မြန်မာနိုင်ငံသည်ထိုင်းနိုင်ငံမှ တရွတ်ဆွဲငါးဖမ်းသင်္ဘောများကို ဖမ်းယူရမည့် ငါးသယံဇာတ နှင့် ပတ်သက်သည့် မည်သည့်ကန့်သတ်ချက်မျှ ကန့်သတ်မထားဘဲ ငါးဖမ်းဆီးခွင့်ပြုခဲ့သည်ဟုဆိုထားပါသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏အခြေအနေ သည် အင်ဒိုနီးရှားနိုင်ငံ၏အခြေအနေနှင့်နှိုင်းယှဉ်နိုင်ပါသည်ဟုဆိုပါသည်။ ခွင့်ပြုထားသည့် ငါးဖမ်းရေယာဉ်များကလည်း ငါးကုန်တက်ကို သတင်းပေးပို့ကြရာတွင် တစိတ်တစ်ပိုင်းမျှသာ သတင်းပေးပို့ကြသည်ဟု ရေးသားထားသည်ကိုလည်းတွေ့ ရသည်။ ပထမဦးစွာ အင်ဒိုနီးရှားနိုင်ငံ အခြေအနေကြည့်ကြပါစို့၊ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၈၀ ခုနှစ်များဆီက သူတို့နိုင်ငံထဲ တွင် တရွတ်ဆွဲငါးဖမ်းလုပ်ငန်းကို Arafura Sea မှလွဲ၍ တရားဝင်ပိတ်ပင်ထားခဲ့ပါသည်။ထို့ပြင် အင်ဒိုနီးရှားနိုင်ငံငါးလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနကဖော်ပြပါ Arafura Sea တွင်ဖက်စပ်ငါးဖမ်း တရွတ်ဆွဲငါးဖမ်းလှေ ၈၇ စီးကို ဖမ်းဆီးခွင့်ပြုထားကြောင်း ထုတ်ပြန်ကြေညာပါသည်။ သို့သော် ထိုပင်လယ်တွင် ဖမ်းဆီးသော တရွတ်ဆွဲငါးဖမ်းလှေမှန်သမျှသည် By-catch excluder devices ဟုခေါ်သည့် ရောထွေးဖမ်းမိသည့် တန်ဖိုးရှိ ငါးများလျှော့ချစေသည့်ကိရိယာ တပ်ဆင်ဖမ်းဆီးရမည့် စည်းမျဉ်းကို လိုက်နာကြရပေသည်။ မည်သို့ဆိုစေအင်ဒိုနီးရှားနိုင်ငံ၏ တရားဝင်ပုစွန်ဖမ်းသင်္ဘောကုန်တက်များကို ကြည့်ခြင်းအားဖြင့် ၂၀၀၀-၂၀၀၃ ပျမ်းမျှ ကုန်တက်သည်တန်ချိန် ၁၄၆၄၀၀၀ တန်ရှိကြောင်းတွေ့ရှိရပါသည်။ ထိုကုန်တက်၏များပြားမှုကို ကြည့်ခြင်းအားဖြင့် တရွတ်ဆွဲပုစွန်ဖမ်းပိုက်သည် ပုစွန်တစ်မျိုးတည်းကိုသာ ရည်ရွယ်ဖမ်းဆီးခြင်းမဟုတ်သည်မှာ ရှင်းလင်းသိသာလှပါသည်။ထို့ပြင် သုတေသီဖါဂန်ဆိုသူ၏ စာတမ်းတွင် အင်ဒိုနီးရှားနိုင်ငံတွင် ဖမ်းဆီးနေသော တရွတ် ဆွဲငါးဖမ်းလှေပေါင်း ၇၅၀ စီးခန့် ရှိရာ အားလုံးမှာ နိုင်ငံခြားသားပိုင် သင်္ဘောများဖြစ်ပြီး၊ထိုသင်္ဘောများ၏ သုံးပုံတစ်ပုံမျှသော သင်္ဘောများ၏ ကုန်တက်များကိုသာ အင်ဒိုနီးရှား အစိုးရငါးလုပ်ငန်းဌာနသို့ အစီရင်ခံနေကြကြောင်း ရေးသားထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ပင် အင်ဒိုနီး ရှားနိုင်ငံရှိ တရွတ်ဆွဲငါးဖမ်းလှေ များသည် ငါးအမျိုးအစားရည်ရွယ် ဖမ်းဆီးခြင်းမရှိပါ။ ပုစွန်၊ကဏန်း၊ ငါးသေးငါးမွှား ရှိသမျှသက်ရှိအား လုံးသိမ်းကျုံးဖမ်းဆီးသောစနစ်ဖြစ် ပါသည်။ ထို့ပြင်အင်ဒိုနီးရှားရေပြင်တွင် ဖမ်းဆီးရရှိသောကုန်တက်များသည် ဥပဒေအပြင်ဖက်တွင် လုပ်ကိုင်ဆောင် ရွက်နေကြခြင်း၊ ကုန်တက်များအချက် အလက်များ ပေးပို့ခြင်းတွင်လည်း အမှန်ကုန်တက်ထက်လျော့၍ သတင်းပေးပို့ နေခြင်းတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ငါးပုစွန်ကုန်တက် အားလုံးကို ရောထွေး ဖမ်းမိငါးများဟုသာ မှတ်ချက်ပြုရမည်လို ဖြစ်နေပါတော့သည်။ (ဆက်လက်ဖော်ပြပါမည်)
Background