ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုများအရ ဈေးနှုန်းမြင့်တက်မှု ကန့်သတ်ခဲ့ပေမဲ့ အရှေ့တောင်အာရှ စားအုန်းဆီ အဓိကထုတ်လုပ်တဲ့နိုင်ငံများအတွင်း လာနီညာ ရာသီဥတုဖြစ်စဉ် တစ်ဖန်ပြန်လည်ဖြစ်လာနေတဲ့အပေါ် စိုးရိမ်မှုတွေကြောင့် မလေးရှား စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ နိုဝင်ဘာ ၂ ရက်မှာ အမြင့်ဈေးနဲ့ ပိတ်ခဲ့ပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလ စာချုပ်အခြေခံဈေး တစ်တန် ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးလာပြီး ရင်းဂစ် ၂၉၅၈ (ကန်ဒေါ်လာ ၉၃၉) ဈေးဖြစ်ခဲ့ပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးကလည်း တစ်ပေါင် သုည ဒသမ ၅ ရာခိုင်နှုန်းပိုမိုလာပြီး၊ ကန်ဒေါ်လာ ၅၁ ဒသမ ၀၇ (တစ်တန်ကန်ဒေါ်လာ ၁၁၂၆) ဈေးဖြစ်ခဲ့ပါတယ်။ လာနီညာဖြစ်စဉ်ကြောင့် အရှေ့တောင်အာရှမှာ ပုံမှန်မိုးရေချိန် ထက် ပိုမိုရွာသွန်းခဲ့တဲ့အတွက် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်း ထုတ်လုပ်နေတဲ့ မလေးရှားနဲ့အင်ဒိုနီးရှားတို့မှာ ရိတ်သိမ်းမှု နှေးကွေးလာနိုင်ပါတယ်။ ယေဘူယျအားဖြင့် ရာသီဥတုစိုစွတ်တဲ့ကာလမှာ ဝတ်မှုန်ကူးမှုနည်းပြီး သီးနှံဖွံ့ဖြိုးမှုကို ထိခိုက်တဲ့အတွက် အထွက်နှုန်းကို ထိခိုက်စေပါတယ်။ ဈေးကွက် အနေနဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှုရဲ့ အခြေအနေပေါ် မူတည်နေပေမဲ့ ယခုတစ်ပတ် ကျော်မှာ ရာသီဥတုအပေါ် စိုးရိမ်မှုတွေအရ ဈေးနှုန်းကို ထိန်းချုပ်လိမ့်မယ်လို့ စင်ကာပူအခြေစိုက် ပွဲစားတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့လည်း ဆောင်းရာသီအတွင်း စားအုန်းဆီဟာ အေးခဲတတ်တဲ့အတွက် နှစ်ကုန်ပိုင်းမှာ ဝယ်လက်များ အခြားဆီကို ပြောင်းလဲဝယ်ယူနိုင်တဲ့အတွက် ရာသီဥတုအပေါ် စိုးရိမ်ပေမဲ့ ဝယ်လိုအားနည်းခြင်းက ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ် နိုင်မယ်လို့လည်းဆိုပါတယ်။ စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၀၀၀ (ကန်ဒေါ်လာ ၉၅၃)အထိ မြင့်တက်နိုင်ပြီးနောက် ယခုနှစ်ကုန် မုတ်သုန်မိုးပြင်း ထန်မယ်ဆိုရင်ကာလတိုအတွင်းရင်းဂစ် ၃၂၀၀ (ကန်ဒေါ်လာ ၁၀၁၆ )အထိ မြင့်တက်နိုင်တယ်လို့ ဂျာကာတာရှိ ကုန်သည်တစ်ဦးမှ ပြောကြားပါတယ်။ တတိယအများဆုံးဝယ်လက်ဖြစ်တဲ့ ပါကစ္စတန်မှာ ဝါစေ့ဆီထွက်ရှိမှု တိုးတက် တာကြောင့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ တင်သွင်းမှုဟာ တန်ချိန် ၁၅၀၀၀ ကို ၂၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အောက်တိုဘာလမှာ ပါကစ္စတန်ကို စားအုန်းဆီတန်ချိန် ၂၀၁၇၀၀ တင်ပို့ခဲ့တယ်လို့ SGS မှ ပြောကြား ပါတယ်။ ယုဇန၊Source: palmoilhq.com
Background