Main menu

Background

ကွမ်းဓလေ့နဲ့ ကွမ်းစားသုံးသူ ကာကွယ်ရေး

Wed, 11/09/2011 - 04:36 -- Anonymous (not verified)

                     ကွမ်းဓလေ့က မြန်မာနိုင်ငံမှာ ရှေးယခင်မြန်မာဘုရင်များလက်ထက်ကတည်း ကရှိခဲ့တဲ့ မြန်မာ့ရိုးရာအလေ့အထဖြစ်ပါတယ်။ ရှေးမြန်မာတို့ရဲ့ အိမ်ဦးခန်းမှာ ကျက်သရေရှိစွာ ခန့်ခန့်ထည်ထည်နေရာယူထားတဲ့ ကွမ်းအစ်ကြီးနဲ့ ဧည့်သည်များကို ဧည့်ဝတ်ပြုလေ့ရှိကြပါတယ်။ မြန်မာတို့ရဲ့ အလှူမင်္ဂလာပွဲတွေမှာလည်း ရပ်ရွာရဲ့ ပြစ်မျိုးမှဲ့မထင်၊ အယဉ်ဆုံး အလှဆုံးသမီးပျိုကလေးတွေကို ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်အဖြစ် ပွဲထုတ်လေ့ရှိကြတာ မြန်မာတို့ရဲ့ ရိုးရာဓလေ့ပါ။                          မြန်မာတို့ရဲ့ ရှေးရိုးအစဉ်အလာ ဓလေ့ထုံးစံတွေအနက် အတော်များများ ခေတ်မီတိုးတက်လာတဲ့ လူနေမှုစနစ်ကို အမီမလိုက်နိုင်တော့ဘဲ တစ်စတစ်စ ပျောက်ကွယ်သွားခဲ့ကြသော်လည်း ကွမ်းဓလေ့ကတော့ မပျောက်ပျက်တဲ့အပြင် ပိုမိုတွင်တွင်ကျယ်ကျယ် ဖြစ်လာတာမို့ ယနေ့ခေတ်တိုင် ကွမ်းယဉ်ကျေးမှုခေတ် လို့ဆိုရင် မမှားပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်မှာ လူတစ်ဦးနဲ့ တစ်ဦးဆုံကြရင် ကွမ်းထုပ်ကလေး လက်ကမ်းပေးရင် နှုတ်ဆက်ကြတာ ထုံးတမ်းစဉ်လာဖြစ်နေ လို့ပါပဲ။                           ယခုအခါ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းထောင့်တိုင်းမှာ ကွမ်းယာ ဆိုင်တွေနေရာယူပြီး တွင်တွင်ကျယ်ကျယ်ရောင်းနေကြပါတယ်။ လူငယ် လူကြီး အသီးသီးကလည်း ပါးစောင်မှာ မြုံ့လို့ တစ်မျိုး၊ အိတ်ကပ်ထဲမှာ ဆောင်ထားလို့ တစ်ဖုံ ကွမ်းကို မြတ်နိုးစွဲလမ်းစွာ စားသုံးနေကြပါတယ်။ အထူးသဖြင့် အဝေးပြေး ကားမောင်းတဲ့ယာဉ်မောင်းများက ခရီးဝေးကို မောင်းနှင်ရင်း အိပ်ငိုက်သွားမှာစိုးလို့ ကွမ်းကို မဖြစ်မနေဝါးကြရတာ ဖြစ်ပါတယ်။                        ကွမ်းယာဆိုင်အချို့ကလည်း စားသုံးသူများစွဲလမ်းပြီး ပိုမိုအားပေးဝယ်ယူ စေလိုတဲ့ ဆန္ဒနဲ့ ကွမ်းယာကို အမျိုးမျိုးအဖုံဖုံ ပြုပြင်မွမ်းမံကြပါသတဲ့။ နို့မှုန့်ကိုကျိုပြီး ကွမ်းစားထုံးထဲမှာ ရောမွှေပြုပြင်လိုက်တော့ နို့ရနံ့လေးမွှေးပြီး ပိုကောင်းသွားတယ်လို့ သိရပါတယ်။ တချို့က ပိုပြီးကောင်းသထက်ကောင်းစေဖို့ ပျားရည်တို့၊ သံပုရာရည်တို့ပါထပ်ပြီး ထည့်ထားသေးတယ်လို့ ဆိုပါတယ်။ ဒီထက်ပိုပြီး စွဲလမ်းစေဖို့အတွက် ဓာတုဗေဒဆေးတွေပါ ရောသမ မွှေထားတာမျိုးလည်း ရှိပါသတဲ့။                      တစ်ခါ ကွမ်းစားဆေးတွေကိုလည်း မှတ်ပုံတင်မဲ့ ဓာတုဗေဒပစ္စည်းတွေ၊ မူးယစ်ထုံထိုင်းဆေးဝါး တွေထည့်ပြီး စားသုံးသူတွေ စွဲလမ်းစေဖို့ ပြုပြင်ထားကြတယ်လို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးတစ်နိုင်ငံက ဓာတုဗေဒဆေးဝါးတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ ကွမ်းစားဆေးတွေကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမဝင် အကောက်ခွန်မဲ့တင်သွင်းရောက်ရှိနေပါတယ်။ ကွမ်းယာဆိုင်တွေမှာ 92, 45 ၊ ဘုရင်မ၊ Signal  ဆိုတဲ့ တံဆိပ်မျိုးစုံအဖုံဖုံကို ကွမ်းသမားတို့စိတ်ကြိုက် ဝါးစေဖို့ ရောင်းချနေကြပါရဲ့။ ကွမ်းစားဆေးရဲ့ ရနံ့မွှေးက ကွမ်းသမားကို ဆွဲဆောင်နေသော်လည်း ဓာတုဗေဒဆေးတွေရဲ့ အာနိသင်ကြောင့် စားသုံးသူရဲ့ ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်ပျက်စီးစေတာမို့ ကြောက်စရာ ကောင်းလှပါတယ်။                            အိမ်နီးချင်းနိုင်ငံက တရားမဝင်ရောက်ရှိလာတဲ့  Ready made ကွမ်းထုပ်  တွေကလည်း ကွမ်းယာဆိုင်တွေမှာ လွယ်လင့်တကူချိတ်ဆွဲရောင်းချနေတာ တွေ့ရပါတယ်။ ထုပ်ပိုးပုံစံကကောင်းကောင်း၊ ဆွဲဆောင်မှုရနံ့ကလည်း ကောင်းကောင်း ဆိုတော့ ကွမ်းသမားလူငယ်၊ လူကြီးတို့ စွဲလမ်းနှစ်ခြိုက်စွာ ဝယ်ယူစားသုံး နေကြပါတယ်။                            အင်းဝခေတ်မှာ ဖိုးသူတော်ဦးမင်း စပ်ဆိုခဲ့တဲ့ "တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာကဆေး၊ ကွမ်းသီးတောင်ငူနဲ့ ကိုင်းထုံးဖြူပြည်ရှား၊ သာဝါးလို့ထွေး" ဆိုတဲ့ မြန်မာ့ရိုးရာကွမ်းကဗျာမှာ ကွမ်းတစ်ယာရဲ့ အင်္ဂါရပ်များဖြစ်တဲ့ ကွမ်းရွက်၊ ဆေး၊ ကွမ်းသီး၊ ထုံးနဲ့ ရှားစေးတို့ကို ထွက်ရှိရာဒေသနဲ့ တကွ ဖွဲ့နွဲ့စပ်ဆိုဖော်ပြခဲ့ပါတယ်။ ယနေ့ခေတ် ကွမ်းယာများမှာတော့ ရှေးမြန်မာတို့ရဲ့ ကွမ်းယာမှာပါတဲ့ ရိုးရှင်းလှတဲ့ ပြည်တွင်းထွက်ကုန်များသာမက ပြည်ပက ဓာတုကွမ်းယာပစ္စည်းတွေကိုပါ ဖွယ်ဖွယ် ရာရာ ရောသမမွှေထားပြီး ကွမ်းသမားတွေကို ဆွဲဆောင် နေကြပါတယ်။                          မြန်မာ့ရိုးရာကွမ်းတစ်ယာမှာပါဝင်တဲ့ ဆေးရွက်ကြီးရဲ့ အာနိသင်က ပိုးမွှားများ ကို သေစေတဲ့အစွမ်းရှိပါတယ်။ အခုပြည်ပက တရားမဝင်အကောက်ခွန်မဲ့ ဝင်ရောက်နေတဲ့ ဓာတုဗေဒကွမ်းစားဆေးက မြန်မာ့ဆေးရွက်ကြီးထက် အာနိသင်ပိုမို ပြင်းထန်တဲ့အတွက် လူသားတို့ကျန်းမာရေးကို ထိခိုက်ဆုံးရှုံးစေတဲ့ ဆိုးကျိုးရလဒ် တွေရှိနေပါတယ်။                          ဒါကြောင့် ပြည်ပနိုင်ငံက တရားမဝင်အကောက်ခွန်မဲ့ ဝင်ရောက်လာတဲ့ ကွမ်းစားဆေးတွေနဲ့ Readymade ကွမ်းထုပ်တွေရဲ့ အန္တရာယ်က မသေးပါဘူး။ ကွမ်းသမားတွေရဲ့ ကျောက်ကပ်တွေ၊ အသည်း တွေထိခိုက်ပျက်စီးမယ့် အန္တရာယ်နဲ့ မူးယစ်ထုံထိုင်းဆေးကို စွဲလမ်းမှုပြဿနာများမှ လွတ်ကင်းဖို့အရေး အကာအကွယ် ပေးဖို့ လိုအပ်နေပါကြောင်း နှိုးဆော်ရေးသားလိုက်ပါတယ်။ ဒေါက်တာခင်ဦးမေ