Main menu

Background

တကယ်ဖြစ်ချင် တကယ်လုပ်

Wed, 11/09/2011 - 09:14 -- Anonymous (not verified)

                      "ဒီမှာဆရာရဲ့ ကျွန်တော်နွားစပြီး မွေးတုန်းက ဘာရှိမှာလဲ၊သုံးတွဲလောက် နဲ့ စခဲ့တာ။ ဒေသနွားပဲ။အဲဒီတုန်းက ဖရီရှန်နွားတွေကျွန်တော်တို့ရွာဖက်မှာ ဘယ်သူမှမမွေးသေးဘူး။မှတ်မိသေး တယ်။၁၉၉၁ လောက်မှာကျွန်တော် (၉)မိုင်နို့စားနွားမွေးမြူရေးစခန်းက ဖရီရှန်အထီးကလေးတစ်ကောင်ဝယ်ခဲ့တယ်။ သူ့နားရွက်နံပါတ်က ၁၇၉။အဲဒီတုန်းက ၂၅၀၀ ကျပ်ပေးရတယ်။ စုထားတဲ့ ၅ ကျပ်တန်လေးနဲ့ နွားဖိုးချေခဲ့ရတာ။"                            " ရွာရောက်တော့ ကျွန်တော့်နွား ဘို့ကမပါ၊အဖြူနဲ့အနက်ကြား၊ရွာကအဖွဲ့ တွေကမျိုးမစစ် တဲ့နွားတဲ့။ကျွန်တော့်နွား ကိုသူတို့နွားခြံ လေတင်လေအောက် ဘယ်ကမှ အဖြတ်မခံဘူး။ရပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့်ယုံကြည်ချက်နဲ့ကျွန်တော်လေ။ဒီနွားတွေ နို့ထွက် ကောင်းကြောင်း ဆရာလေးပြောလို့ ကျွန်တော်သိထားတယ်။ကျွန်တော် အဖေလက်ထက်၊အဖိုးလက်ထက်၊ကျွန်တော် တို့နွားတွေ မွေးခဲ့တာဘဲ။ဒီလိုဘဲ ရရစား စားသိပ်ပြီး ပိုလျှံတယ်မရှိဘူး။ဒါကြောင့် ကျွန်တော်က နွားမျိုးကောင်းရှာခဲ့ တယ်။ရှိစုမဲ့စုနဲ့ ဒီနွားနံပါတ် ၁၇၉ကိုမရ ရအောင် ဝယ်ခဲ့တာ။"                      ကျွန်တော်အိမ်က နွားမတွေနဲ့ စပြီးစပ်တယ်။ဒီကောင်ကြီးကလည်း ကျွန်တော်သေချာ ကျွေးမွေးထား လို့လား မသိဘူး။မျိုးကအောင်မှအောင်။ဒီ ကောင်နဲ့ စပ်လို့ကတော့ တစ်ပင်ပဲ။ သေချာစေချင်လို့ နောက်တစ်ခါ ထပ်ပြရင်တောင်နွားမတွေက တယ်ပြီးလက် မခံချင်ဘူး။ ကျွန်တော် သေချာကျွေး ထားတော့ ဒီကောင်ကြီးက အဆက်အပေါက်ကောင်းတယ်။ အလုပ်လုပ်နိုင် တယ်။ တော်ရုံနွားမ ဒီ ကောင်ကြီးဒဏ် ကိုမခံနိုင်ဘူး။                       ကျွန်တော့်ကောင်ကြီး နာမည် ကြီးချင်တော့ တစ်နှစ်ခွဲ၊ နှစ်နှစ်အကြာ မှာဖြစ်လာတာ။ ကျွန်တော့်ကောင်နဲ့ ဂျာစီမလေးနဲ့ စပ်ပြီးကျတဲ့ နွားမလေး နို့ထွက်ချက်က ရက်စက်တယ်။ သူ့ အမေတုန်းက ၅ ပိဿာကျော်၊ ၆ ပိဿာပျော့ပျော့။ သူကျတော့ မဒန်း ညှစ်တာ ၁၀ ပိဿာနီးပါးရတယ်။ ကျွန်တော့် သားကြီးနဲ့ စပ်ပြီးကျတဲ့ နွားကလေးတွေ အားလုံးချောမှချော။ အထီးကလေးတွေဆိုလည်း ၄-၅ လနဲ့ နွားလတ်ပုံစံ ဖြစ်လာတယ်။ ထွားလွယ်တယ်။ အမလေးတွေကလည်း နို့အုံ၊ နို့သီး၊ နို့တန် ကောင်းမှကောင်း။ ကျွန်တော်တို့ နွားသမား နို့သမား ဆိုတာကလဲ သိတဲ့အတိုင်းလေ။ နွား မကြည့်ရင်နောက်ပိုင်းနဲ့ နို့သီး၊ နို့တန် ကြည့်တာ။ နို့စားနွားမဆိုတာ သပ်ပုံစံ မျိုးရှိတာ။ ခေါင်းပိုင်းရှူးပြီး၊ ဖင်ပိုင်းကြီး ရတာ။ ဒါမှဗိုက်အိုးကျယ်မယ်။ အစား များများစားမယ်။ နို့များများထွက်မယ်။ ပြီးတော့တင်ပဆုံရိုးကျဉ်းလို့ကတော့ ကလေးထွားရင်အမွေးခက်မှခက်။ ပြီးတော့ နို့သီး၊ နို့တန်၊ နို့တန်လေး ချောင်းစလုံး ညီဖို့လိုတယ်။ ပုံအကျမှန် ဖို့လိုတယ်။ နို့ပွားတွေပါတာ ကျွန်တော် တော့လုံးဝမကြိုက်ဘူး။ ပြီးတော့နို့အုံ ကိုသွားတဲ့သွေးကြောကြီးတွေ ကြီး တယ်ဆိုရင် ပုံမှန်နို့ထွက်ကောင်းတာ ဘဲ။ သွေးကနေ နို့ဖြစ်တာကိုး။ သွေး အားကောင်းမှနို့ထွက်ကောင်းမယ်လို့ကျွန်တော်တို့က ဒီလိုဘဲလက်ခံထား တယ်။                       အဲဒီမှာစောစောက ကျွန်တော် ပြောသလို ကျွန်တော့်သားကြီး ၁၇၉၊ သူ့သမီးတွေ နို့ထွက်လည်းကောင်းရော၊ စောစောကကျွန်တော်ပြောသလို ဒီကောင်ကြီးရောက်ခါစ ဘို့ကမပါ၊ အရောင်ကနက်ကျား၊ မင်္ဂလာမရှိဘူး ဆိုပြီး လေတင်လေအောက်အဖြတ်မခံ ချင်တဲ့မောင်တွေ၊ သူတို့နွားမတွေဆွဲ လာပြီးကျွန်တော်သားကြီးနဲ့ အလုအယက်သားတင်၊ သားစပ်ကြတာပဲ။ အဲဒီမှာ ကျွန်တော်တို့ တော၊ ရွာတစ်ဝိုက်စပြီးပြောင်းလဲခဲ့တာပဲ။ ကျွန်တော် တို့နဂိုဗမာနွားမွေးတုန်းက အကောင် ၃၀-၄၀မွေးလို့ နို့၂၀-၂၅ မရချင်ဘူး၊ အခု ၁၀ ကောင်လောက်မွေးရင်ကို နွားနို့ ၅၀ ဆိုတာအောက်ထစ်" လူဆိုတာသိတယ်မဟုတ်လား၊ သူများကြီးပွားတာမြင်ရင်၊ ကြီးပွားချင် ကြတယ်။ ကျွန်တော်ကတော့စေတနာ အမှန်နဲ့ အကြံဉာဏ်ကောင်းပေးတာပါပဲ။ အလုပ်ဆိုတာ ဘယ်အလုပ်မျိုး မဆိုစနစ်တကျလုပ်ဖို့လိုတယ်။ စွဲစွဲ မြဲမြဲ လုပ်ဖို့လိုတယ်၊ စူးစူးစိုက်စိုက်လုပ်ဖို့လို တယ်။ နွားမွေးတယ်ဆိုပြီး ကရော်ချော် မယ်လုပ်လို့ကတော့ ဘာပြောမလဲ၊ "သွားမယ်မလုပ်နဲ့ နွားပြုတ် "သွားမယ် ပေါ့။                         နွားဆိုတဲ့သတ္တဝါကလည်း သိတဲ့ အတိုင်းပဲလေ။ အစာအိမ်ကကြီးတယ်။ အစာများများစားတယ်။ ဗိုက်ပြည့် အောင်စားချင်တဲ့သတ္တဝါ၊ ကျွန်တော် တို့လူတွေမစားတဲ့ မြက်တို့ ကောက်ရိုး တို့ ဖွဲနုတို့၊ ပဲခွံတို့၊ ပဲနှစ်တို့ကနေ ကျွန်တော်တို့လူတွေအတွက် အာဟာရဖြစ် တဲ့ နွားနို့ကို ထုတ်ပေးတာ၊ ဒါတောင်မှ ကျွန်တော်တို့လူတွေက အဲဒီအစာ အာဟာရကို တချို့က ပြည့်ပြည့်၀၀ မကျွေးချင်ဘူး။ နွားနို့ကျတော့လိုချင် ကြတယ်။ တချို့ကျတော့လည်း နွားမ ကတော့သူ့ကလေးအတွက် နို့ချန်မှာပဲ ကွာဆိုပြီး နို့ကိုအကုန်ညှစ်ပြီးယူကြ တယ်။                          အဲဒီတော့ မွေးလာတဲ့ကလေး မျိုးရိုးကောင်းပါလျက်နို့မဝဘူး။ နို့မျက် တယ်၊ ဗိုက်ပူနံကား၊ ဖင်ချွန်းလေးဖြစ် လာတယ်။ အမွှေးစောင်းပြီး သံစွဲ တယ်။ ကြီးထွားရမဲ့အရွယ်မှာ အာဟာ ရ ပြည့်ပြည့်၀၀မစားရတော့ "ဗူးသီး နုနု အမွှေးသတ်သလို" ဖြစ်သွား တယ်။ အဲဒီလိုငယ်ငယ်က နို့မျက်ခဲ့တဲ့ နွားက လေး တစ်သက်လုံးဘယ်တော့မှ မကြီးထွားတော့ဘူး။ နွားမကလေးဖြစ် ရင်လည်း သူ့အမေနို့ထွက် ဘယ် လောက် ကောင်းကောင်း သူနို့ထွက် မကောင်းတော့ဘူး။ တစ်နေ့တစ်လုံး ရွှေဥ ဥတဲ့ငန်းကို တစ်ရက်တည်း သတ် စားသလို ဖြစ်သွားတာ။                           နောက်ပြီးနွားငယ်လေးတွေ ထားတာအိပ်ဖို့နေရာ၊ နွေးနွေးထွေးထွေး သန့်သန့်ရှင်းရှင်းဖြစ်ဖို့လိုတယ်။ သစ်ရွက် ခြောက်၊ ကောက်ရိုးခင်းပေးဖို့လိုတယ်။ ကြက်ကလေးပဲဖြစ်ဖြစ်၊ ဝက်ကလေးပဲ ဖြစ်ဖြစ်၊ နွားကလေးပဲဖြစ်ဖြစ်၊ လူကလေးပဲဖြစ်ဖြစ် နွေးနွေးထွေးထွေး သန့်သန့်ရှင်းရှင်းနေရမယ်ဆိုရင်ကျန်း မာမယ်၊ အအေးမမိဘူး။ အဲဒါဆို ကြီးထွားနှုန်းမြန်ပြီး ရောဂါခံနိုင်ရည်စွမ်း အားပိုလာမှာပဲ။ နွားပဲကွာဆိုပြီး ပစ် ထားလို့ကတော့ စောစောက ကျွန်တော်ပြောသလိုဖြစ်ထွန်းသင့်သလောက် မဖြစ်တော့ဘူးလေ။                               နောက်တစ်ခုက ကျွန်တော်တို့ နွား သမားတွေက နွားနို့တော့ရချင်ကြတယ်။ အဲဒါပေမယ့် မြက်ကောင်းကောင်းတော့ မကျွေးချင်ကြဘူး။ ဟိုတုန်းကတော့ ကျွန်တော်တို့ နွားစပြီးမွေးတဲ့အချိန်တုန်း က ဒီမှာပေါက်တဲ့မြက်၊ ပန်းတော်ဖြူ၊ ပန်းတော်ညို၊ မြေဇာမြက် ဒီလောက်ပဲ ကျွန်တော်တို့ကျွေးခဲ့ကြတာ။ နွားကို မြက်စိုက်ပြီးကျွေးတယ်ဆိုတာ ဘယ်မှာ ရှိလို့တုန်း။ အဲဒါပေမယ့် ကျွန်တော်တို့ သဘောပေါက်ဖို့က အဲဒီမြက်သေးသေး လေးတွေ မြက်ရိုးလေးတွေကောက်ရိုး ခြောက်တွေပဲ ကျွေးနေရင်၊ အဲဒီ လောက်နဲ့တန်တဲ့ နို့ပဲကျွန်တော်တို့ရ မှာ၊ ရခဲ့ကြတာ။                        အခုတော့သိတယ်မဟုတ်လား။ နိုင်ငံခြားကလာတဲ့မြက်တွေ မာကာတို့၊ ပါရာတို့၊ နေဗီယာတို့ မြက်ပင်က လူတစ်ရပ်လောက်ရှိတယ်။ မြက်ရိုးက လက်ညှိုးလောက်မကချင်ဘူး။ အရည် ဆိုလည်း ရွှမ်းမှရွှမ်း၊ ကြံချောင်းလိုဖြစ်နေတယ်။ အဲဒီမြက်မျိုးကို စနစ်တကျ သေချာစင်ပြီး ကျွေး၊ ပဲဖတ်၊ နှမ်းဖတ်၊ ပဲနှစ်၊ ပဲခွံ အချိုးကျကျွေး၊ သန့်ရှင်းတဲ့ သောက်ရေ သူတို့စိတ်ကြိုက်လို သလောက် သောက်။ နွားထားတဲ့ခြံ၊ ယင်သန့်ရှင်းအောင်လုပ်။ အဲဒီလိုကျွေး၊ အဲဒီလိုထားလို့ကတော့ မနက်မိုးလင်း ရင်ကို နွားမတွေနို့အုံတောင့်ပြီး နို့မြန်မြန် ညှစ်ဖို့အော်နေကြပြီး၊ နိုညှစ်ဖို့ တကယ်ဖြစ်ချင် တကယ်လုပ် သူတို့ုကိုဆွဲသွား ရင်နွားမတွေ ကျေးဇူး တင်တဲ့မျက်လုံးနဲ့ ကြည့်နေတဲ့ပုံကို ခင်ဗျားတို့မြင်စေချင်တယ်။                     အဲဒီလိုနဲ့ ကျွန်တော့်သားကြီး ၁၇၉ နဲ့ နွားတွေမျိုးပြောင်းပြီးမွေးခဲ့တယ်။ နွားစာကို၀၀လင်လင်နဲ့ အချိုး ကျ ကျွေးတယ်။ နွားစာ မြက်စိုက်တဲ့ အပြင် နှံစား ပြောင်း၊ ဖူးစားပြောင်း၊ နေကြာ၊ ကုလား ပဲ၊ စပါး ဒါတွေလည်း စိုက်တယ်။ နွားတွေကရတဲ့ နွားချေး စိုက်ခင်းတွေထဲ ထည့်တယ်။ စိုက်ခင်းတွေက ရတဲ့ မြက် တို့၊ ပြောင်းရိုး၊ ပြောင်းဖူး၊ ကောက်ရိုး၊ ဖွဲနု နွားပြန်ပြီးကျွေးတယ်။ နွားမတွေက ရတဲ့နို့ကို ချက်နို့ဆီချက်ပြီး ရောင်းတယ်။ အခုဆိုရင် တစ်နေ့ တစ်နေ့ ချက်နို့ဆီ ပိဿာ ၁၅၀၀ လောက်ထုတ်တယ်။ " ဝင်းဝင်း" တမချက်နို့ဆီဆိုရင် နာမည်တစ်လုံးနဲ့ ရန်ကုန်မှာဖြန့်ပေးနေတာပါ။                    လွန်ခဲ့တဲ့အနှစ် (၂၀) က နွားမသုံး တွဲနဲ့ နွားမွေးမြူရေးစခဲ့တာ နွားမျိုး ပြောင်းပြီးမွေး၊ အစာစနစ်တကျစိုက်ပြီး ကျွေး၊ စပ်ပြီးကျွေး၊ နောက်ပိုင်းမှာ မေထုန်မဲ့သားစပ်လုပ်ငန်းအပါအဝင် နွားတွေရဲ့ ကူးစက်ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေကို မွေးကုဦးစီးဌာနက တိရစ္ဆာန်ဆေးကုဆရာဝန်လေးတွေရဲ့ အကူအညီနဲ့ ဆောင်ရွက်ခဲ့လို့ ရိုးရိုး သားသား စနစ်တကျနဲ့ တစ်စိုက်မတ် မတ်ဒီလုပ်ငန်း ကိုလုပ်ခဲ့လို့ ကျွန်တော် နို့စားနွားမွေးမြူရေး ဒီအဆင့်ကိုရောက်ခဲ့တာပါ။                      မိတ္ထီလာမြို့နယ်၊ တောမကျေးရွာ ကောင်းထက်စံ နို့စားမွေးမြူရေးခြံမှ ဦးခင်မောင်ဝင်းအပြောရပ်မှပင် ကိုက်နေသည့်ခြင်ရိုက်ဖို့ကို ကျွန်တော်သတိ ရမိပါသည်။                    တကယ်တော့ " တကယ်ဖြစ်ချင် တကယ်လုပ်၍ အဟုတ်ဖြစ်သူ " ၏ ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါကလား။