Main menu

Background

အေးဆေး တည်ငြိမ်နေတဲ့ ဒေါ်လာဈေးကွက်

Mon, 11/14/2011 - 05:13 -- Anonymous (not verified)

                  ဒီတစ်ပတ်မှာတော့ အမေရိကန်ဒေါ်လာဈေးကွက်ဟာ အရောင်းအဝယ် မရှိ သလောက်ကို တည်ငြိမ်နေတာ တွေ့ရပါတယ်။ သိမ်ဖြူငွေလဲစင်တာနဲ့ ပြင်ပမှာ ဖွင့်လှစ်ထားတဲ့ ငွေလဲစင်တာများမှာ လဲလှယ်တဲ့ ဒေါ်လာဈေးနှုန်း ဟာလည်း ဒီတစ် ပတ်အတွင်းမှာ အတက်အကျမရှိဘဲ ငြိမ်နေခြင်းကတော့ ပိတ်ရက်များ ရှိနေခြင်း ကြောင့်ဖြစ်ကြောင်း ဒေါ်လာပွဲစားတစ်ဦးက သုံးသပ်ပြပါတယ်။             " ဒီတစ်ပတ်အတွင်းမှာပဲ ပိတ်ရက်က နှစ်ရက်ဆိုတော့ ငွေဈေးက ထင်သလို ကျလည်းမကျ တက်လည်းမတက်နဲ့ ငြိမ်နေတာ။ နိုဝင်ဘာ ၇ ရက်က ဘက္ကဒီးအစ် နေ့၊ နိုဝင်ဘာ ၁၀ရက်က တန်ဆောင်မုန်းလပြည့်နေ့ ဆိုတော့ အရောင်းအဝယ်က သိပ်မရှိတော့ ဈေးကငြိမ်နေတာပေါ့။ နောက်တစ်ပတ်လောက်ဆို ရင်တော့ ပြန်တက် လာမယ်လို့ထင်တယ်။ အခုလို ပိတ်ရက်များရင် ငွေဈေးက  ငြိမ်နေတတ်တယ်။                အဲဒီလိုဖြစ်ပြီဆိုရင် နောက်တစ်ပတ်လောက်ဆို ငွေဈေးက အနည်းနဲ့အများတော့ ပြန်တက်တာပဲ"လို့ ဒေါ်လာပွဲစားတစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။ အမေရိကန်ဒေါ်လာဈေးကွက်ဟာ နိုင်ငံတော်အစိုးရမှ တရားဝင်ဖွင့်လှစ် ထားတဲ့ ငွေလဲစင်တာများမှာ နိုဝင်ဘာ ၅ရက်က ၇၈၇ကျပ်ရှိခဲ့ရာမှ ဘက္ကဒီးအစ်နေ့ ပိတ်ရက်အပြီး ပြန်ဖွင့်သည့်အခါတွင် ၇၈၂ကျပ်သို့ ကျဆင်းလာခဲ့တာကို တွေ့ရှိရပါတယ်။ အဲဒီနေ့မှစပြီး တန်ဆောင်မုန်းလပြည့်နေ့ ပိတ်ရက်အပြီး ပြန်ဖွင့်သည့်အခါ တွင် ရောင်းဈေး ၇၈၂ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ၇၇၅ ကျပ်ရှိတာကို တွေ့ရပါတယ်။ တစ်ပတ်အတွင်း ငွေဈေးမှာ အတက်အကျမရှိဘဲ တည်ငြိမ်နေတာကို တွေ့ရှိရပါတယ်။ ပြင်ပဒေါ်လာဈေးကွက်မှာလည်း အမေရိကန်ဒေါ်လာဈေးကွက်က နိုဝင်ဘာ ၈ ရက်မှာ ရောင်းဈေး ၇၇၁ ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ၇၆၈ ကျပ်ရှိကြောင်း သိရှိရပါတယ်။ နိုဝင်ဘာ ၁၁ ရက် ဒေါ်လာဈေးပိတ်ချိန်တွင် ပြင်ပဒေါ်လာဈေးမှာ ရောင်းဈေး ၇၈၀ကျပ်ရှိပြီး ဝယ်ဈေး ၇၇၇ကျပ်ရှိတာကို သိရှိရပါတယ်။                 " ပြင်ပဈေးကွက်မှာတော့ ငွေဈေးက နည်းနည်းလေး အလှုပ်အခတ်ရှိတယ်။ စင်တာမှာ အရောင်းအဝယ်ပါးပေမယ့် ပြင်ပဈေးကွက်မှာတော့ သူ့ဟာနဲ့သူ အရောင်းအဝယ်ဖြစ်နေတာ။ ဒါကြောင့်လည်း ပြင်ပငွေဈေးက အတက်ဘက်ကို ပြန်ရောက်လာတာ" လို့ ဒေါ်လာမှောင်ခိုဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ပို့ကုန်ဝင်ငွေဈေးနှုန်းမှာမူ နိုဝင်ဘာ ၈ရက်က ၈၁၁ ကျပ်ရှိခဲ့ပြီး နှစ်ရက်မျှ တည်ငြိမ်နေတာကို တွေ့ရပါတယ်။ တန်ဆောင်မုန်းလပြည့်ပိတ်ရက်အပြီး ရုံးများ ပြန်ဖွင့်ချိန်တွင် ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ ကိုးကျပ်ခုန်တက်ခဲ့ကာ ၈၂၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့တာကို တွေ့ရှိရပါတယ်။                    ယင်းကဲ့သို့ ပို့ကုန်ဝင်ငွေဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာရခြင်း အကြောင်းမှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်သိန်းနဲ့ အထက်ရှိတဲ့ လုပ်ငန်းရှင်တွေကို နိုင်ငံခြားမှ ကားများတင်သွင်း ခွင့်ပြုမည်ဆိုသည့်သတင်းကြောင့်ဖြစ်ကြောင်း ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့ပါတယ်။ MTD,KM2O