ငြိမ်သက်နေတဲ့ ဆန်ဈေးကွက်မှာ ဗီယက်နမ်ဈေးလျှော့ခြင်းဖြင့် စတင်လှုပ်ရှား

    သီတင်းပတ်များစွာအကြာ ဆန်ဈေးကွက်ငြိမ်သက်နေခဲ့ရာမှ ဗီယက်နမ်နိုင်ငံက တစ်တန် ၂၅ ဒေါ်လာအထိ လျှော့ချ လိုက်ခြင်းအားဖြင့် ရုတ်တရက် အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ဗီယက်နမ်ဆန်ဈေးကွက် ဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကို ဆုံးရှုံးနေတဲ့အတွက် ဗီယက်နမ်ဆန်ဈေးကို လျှော့ချဖို့ ဖြစ်လာခဲ့ တယ်လို့ ဝါရင့်အရာရှိတစ်ဦးက ဆိုပါတယ်။ ယခင်နှစ် ဒီလိုအချိန်မှာ လာမယ့်နှစ်အတွက် ကြိုတင်ရောင်းချမှုဟာ အနည်းဆုံး တန်ချိန် တစ်သန်းခန့်ရှိနေပြီဖြစ် ပေမယ့် လက်ရှိမှာတော့ ဆန်တန်ချိန် ၂၂၀၀၀၀ ခန့်သာ ကြိုတင်ရောင်းချမှုရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုရောင်းချမှု လျော့နည်း ရခြင်းဟာ အိန္ဒိယနဲ့ ပါကစ္စတန် ဆန်ဈေးထက် တစ်တန် ကန်ဒေါ်လာ ၁၀၀ ပိုမိုနေတာကြောင့်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အီရတ်ရဲ့ နောက်ဆုံးတင်ဒါမှာ ထိုင်းနဲ့ ဗီယက်နမ်ဆန်ကို ဝယ်ယူခဲ့ခြင်းမရှိဘဲ အိန္ဒိယနဲ့ ပါကစ္စတန်ဆန်ကိုသာ ဝယ်ယူခဲ့ပါတယ်။ ပုံမှန်ဝယ်ယူနေတဲ့ ဝယ်လက်များ အဝယ်ရပ်သွားခြင်းနဲ့ပတ်သက်လို့ ဗီယက်နမ်ဆန်တင်ပို့မှုများဟာ ၎င်းင်းတို့ရဲ့ ဆန်ဈေးကို တစ်တန်ကန်ဒေါ်လာ ၂၀-၂၅ ထိ လျှော့ချခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ ဆောင်း-နွေဦးစပါး စတင် ရိတ်သိမ်းတော့မှာဖြစ်ပြီး၊ အစိုးရအရာရှိများ ခန့်မှန်းချက်အရ စပါးထွက်ရှိမှုဟာ ယခင်နှစ်ထက် ၄ ရာခိုင်နှုန်းနီးပါး ပိုမိုပြီး တန်ချိန် ၁၁ သန်းကျော် ထွက်မယ်လို့ ဆိုပါတယ်။    လက်ရှိ လက်ကျန်တန်ချိန် ၁ ဒသမ ၁၅ သန်းခန့်ရှိပြီး၊ ဒီဇင်ဘာလအတွင်း တန်ချိန် ၄ သိန်းခန့် တင်ပို့မှာ ဖြစ်လို့ တန်ချိန် ၇ သိန်းခန့်ကျန်ရှိနေအုံးမှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း ဆန်တန်ချိန်  ၇ သန်းကျော်ထိ စံချိန် တင် တင်ပို့နိုင်မှာဖြစ်ပြီး၊ ဗီယက်နမ်ဆန်ကုန်သည်များဟာ ၂၀၁၂ မှာလည်း တန်ချိန် ၈ သန်းခန့်အထိ ပိုမိုတင်ပို့ ဖို့ စိတ်အား သန်နေကြပါတယ်။ ဗီယက်နမ်ဆန်ဈေးက ယခုအခါ အိန္ဒိယနဲ့ ပါကစ္စတန်ဆန်ဈေးကို ကပ်နေပေမယ့် FOB တစ်တန် ကန်ဒေါ်လာ ၅၂၀ ဝန်းကျင်မှာရှိနေလို့ ပါကစ္စတန် ၅ မှတ်ဆန်ဈေးထက် ကန်ဒေါ်လာ ၆၀ ပိုမိုနေဆဲဖြစ်သလို အိန္ဒိယ ၅ မှတ်ဆန်ဈေးထက်လည်း ဒေါ်လာ ၈၀ ပိုမိုကွာခြားနေပါသေးတယ်။  ခုလို ဗီယက်နမ် ဆန်ဈေးလျှော့ချ လိုက်ခြင်းဟာ ယခုဆန်ရာသီအတွင်း တတိယမြောက်အပြောင်းအလဲတစ်ရပ် ဖြစ်နိုင်တယ်လို့လည်း ဆန်ဈေးကွက် က သုံးသပ်နေကြပါတယ်။ အခြားအပြောင်းအလဲဖြစ်ရပ် ၂ ခုက ထိုင်းအစိုးရက ဈေးကွက်ပေါက်ဈေးထက် တောင်သူတွေဆီက စပါးကို ဈေးပိုပေး ဝယ်ယူခြင်းဖြစ်ပြီး၊ နောက်တစ်ခုကတော့ အိန္ဒိယအစိုးရရဲ့ ဘာစမာတီမဟုတ် တဲ့ ဆန်တင်ပို့မှုကို ပြန်လည်ခွင့်ပြုခဲ့ တာပဲဖြစ် ပါတယ်။    ဗီယက်နမ်ဆန်ဈေး လျှော့ချလိုက်ခြင်းက အစိုးရအချင်းချင်း ကုန်သွယ်မှုကြိုးစားနေတဲ့ ထိုင်းအစိုးရအပေါ် ဖိအား ဖြစ်စေနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ထိုင်းအစိုးရရဲ့ လှုပ်ရှားမှုတွေရဲ့ အကျိုးကျေးဇူးကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံပိုင် ဝယ်လက်များရရှိဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ လာမယ့်နှစ်မှာလည်း ပိုမိုခက်ခဲဦးမှာ ပဲလု့ိဆိုပါ တယ်။ အထူးသဖြင့် အာဖရိကရဲ့ ပေါင်းဆန်ဈေးကွက်ကို ဈေးသက်သာတဲ့ အိန္ဒိယပေါင်းဆန်က ၂၀၁၂ ပထမ ၃ လအတွက် အပြည့်အ၀ ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာဆန်ရောင်းလိုအားဟာ နောက်လအနည်းငယ်မှာ ပိုမိုလာဦးမှာဖြစ်ပြီး၊ ဝယ်လိုအားအကန့်အသတ်သာရှိလို့ ဝယ်လက်များဟာ ဈေးမြင့်တဲ့စာချုပ်တွေကို ဖျက်သိမ်းနေကြတယ်လို့ ဆိုပါတယ်။                                                                        လမင်း -   Source: oryza.com