မန္တလေး ဖရဲ၊ သခွားမွှေး မူဆယ်ဈေးကွက်သို့ ပုံမှန်တင်ပို့

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များမှာစိုက်ထားတဲ့ ဖရဲ၊ သခွားများ လှိုင်လှိုင်ထွက် ပေါ်နေပါပြီ။ နေ့စဉ် ကားစီးရေ ၃၀ စီးမှ ၅၀ စီးထိထွက်နေကြပါတယ်။ မူဆယ်ဈေးကွက်မှာ ဖရဲ၊ သခွားဈေးနှုန်းကတော့ အရည်အသွေးကောင်း၊ သင့်၊ ညံ့ပေါ် မူတည်ပြီး ဈေးရကြပါတယ်။ အစေ့မဲ့ဖရဲ တစ်ကီလို ၁ ဒသမ ၅ ယွမ်မှ ၄ ဒသမ ၈ ယွမ်ထိ၊ ရိုးရိုးအစေ့ပါဖရဲတစ်ကီလိုကို ၁ ဒသမ ၅ ယွမ်မှ ၃ ဒသမ ၅ ယွမ်ထိရရှိကြပြီး၊ သခွားမွှေးကတော့ ပိုက်ကွက်တစ်ကီလို ၁ ဒသမ ၅ ယွမ်မှ ၃ ယွမ်ထိ၊ အဝါသီး (ရွှေသခွား) ကတော့ တစ်ကီလို ၂ ဒသမ ၅ ယွမ်မှ ၃ ဒသမ ၈ ယွမ်ထိရကြ ပါတယ်။ဝမ်းတွင်းမြို့မှာ ဖရဲ၊ သခွား ဧက ၁၅၀ စိုက်တဲ့ စိုက်ပျိုးရေးကျွမ်းကျင်သူ ဦးမြင့်ကြိုင်၊ "မိုးများလို့ မြေကြပ်တဲ့အတွက် အသီးနှုန်း ယခင်နှစ်လောက် ကြီး ထွားမှုမရှိဘူး။ အသီးကတော့ တစ်ဧက အလုံး ၂၀၀၀ မှ ၂၅၀၀ ထိ (တန်အားဖြင့် ၁၂ တန်မှ ၁၅ တန်) ထွက်ပါတယ်။ လမ်း ခရီး သယ်ဆောင်မှုက ကားဝန်တင်သတ်မှတ်နှုန်း ပြောင်းလဲခဲ့တ ကြောင့် ယခင်နှစ်လောက် အလုံးအရေအတွက် ပိုတင်လို့မရဘူး။ ဒါပေမဲ့ အသီးတွေကို ဖိနှိပ်ပြီးမတင်တဲ့အတွက် လတ်ဆတ်မှု အားကောင်းလို့ အရည်အသွေးမှန်တဲ့အတွက် ဈေးပိုရသလို တွက်ခြေလည်းကိုက်ပြီး လေလွင့်မှု လည်း နည်းပါးတယ်။ နောက်ထပ်ခူးဆွတ်ဖို့ ကျန်တဲ့ ဧက ၁၀၀ ကို ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလ လယ်မှာ ခူးဆွတ်တင်ပို့ရောင်းချပါမယ်"လို့ ဆိုပါတယ်။ မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိတဲ့ ဖရဲ၊ သခွား၊  မူဆယ် ၁၀၅ မိုင်တင်ပို့မှုမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ဖရဲကားစီးရေ ၅၇၃ စီး၊ တန်ချိန် ၆၀၃၅ တန်၊ သခွားမွှေး ကားစီးရေ ၃၁ စီး၊ တန်ချိန် ၂၈၁ တန်၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၈ ရက်ထိ ဖရဲကားစီးရေ ၂၈၀ စီး၊ တန်ချိန် ၃၄၀၇ တန်၊ သခွားမွှေးကားစီးရေ ၄၂ စီး၊ တန်ချိန် ၃၈၆ တန်တင်ပို့ခဲ့ကြောင်း ၁၆ မိုင် ဂိတ်ဖြတ်စာရင်းမှ သိရှိရပါတယ်။                                                  ကျော်ဦး