Main menu

Background

ငါးသယံဇာတများ ရေရှည်သုံးစွဲနိုင်ရန် မြန်မာနိုင်ငံတွင် ငါးသလောက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း

Tue, 12/13/2011 - 04:11 -- Anonymous (not verified)

               မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်ဈေးကွက်တွင် ရေထွက်ပစ္စည်းတင်ပို့ ခြင်းမှာ ရှေ့တန်းတွင် ရှိနေပါသည်။ ငါးရိက္ခာလိုအပ်နေသော နိုင်ငံ များ က မြန်မာနိုင်ငံမှထွက် သောငါး၊ ပုစွန်၊ ကဏန်း၊ ခရု၊ ယောက် သွား၊ ရေမှော်စသော ရေထွက်ကုန်ပစ္စည်းမျိုးစုံ၊ ကြီးငယ်အရွယ်စုံကို အစို၊ အခြောက်၊ ဆားနယ်၊ ငါးအကောင် လိုက်၊ ငါးအပိုင်းအတုံးလိုက်၊ အရိုးမပါ အသားလွှာ၊ ငါးအသားလုံး၊ ငါးနုတ် ငါးဖွဲ၊ ငါးပေါင်းမှုန့်က အစ ပုစွန်အခွံအဆုံး အားလုံးဝယ်ယူလိုကြပါသည်။ ဝယ်လည်း ဝယ် နေကြပါသည်။ ရိုးရှင်း သောကျိုးကြောင်းဆက်စပ်မှု သဘော အရ ဝယ်လိုအားရှိသရွေ့၊ ဈေးကွက်ရှိသရွေ့ ရောင်းချနိုင်ရန် ငါးဖမ်း သူများကလည်း ငါးများများမိနိုင်ရန် ငါးဖမ်းနည်းမျိုးစုံ သုံးလာကြပြီး ငါးမွေးသူများကလည်း များများမွေးမြူထုတ်လုပ်နိုင်ရန် အားထည့် လာကြပါသည်။ငါးများကို မွေးမြူခြင်းနှင့် သဘာဝရေပြင်မှဖမ်းဆီးခြင်း စသော နည်းလမ်းများဖြင့် ထုတ်လုပ်လျက်ရှိပါသည်။ ငါးမွေးမြူခြင်းတွင် ရေ မြေအနေအထားနှင့် ရာသီဥတုကောင်းမွန်ခြင်း၊ နည်းပညာနှင့် အစာ စသောစိုက်ထည့်စွမ်းအားစု ပြည့်စုံခြင်းကိုအခြေခံပြီး ငါးထုတ်လုပ်မှု တိုးတက်ရရှိနိုင်ပါသည်။ သဘာဝရေပြင်မှ ဖမ်းဆီးထုတ်လုပ်ခြင်းတွင် ရေချိုကုန်းတွင်း ငါးဖမ်းလုပ်ငန်းများ၊ ကမ်းခြေကမ်းနီးနှင့် ပင်လယ် ကမ်းဝေးငါးဖမ်းလုပ်ငန်းများပါဝင်ပြီး သဘာ၀ ငါးသယံဇာတပေါ ကြွယ်ဝမှုကို ဖော်ထုတ်အသုံးချခြင်းသာ ဖြစ်ပါသည်။ငါးများတွင် နေရာနှင့် အချိန်ကာလအတွင်း သဘာဝအစား အစာရရှိနိုင်မှု၊ သင့်တော်သော ပတ်ဝန်းကျင်ဖြစ်ပေါ်မှုနှင့်အညီ ရှင်သန်၊ ကြီးထွား၊ မျိုးပွားခြင်းနှင့် သေဆုံးခြင်း စသောဖြစ်စဉ်များ မှာ ဟန်ချက်ညီဖြစ်ပေါ်လျက်ရှိပါသည်။ အကန့်အသတ်မရှိ ဖမ်းဆီး ထုတ်လုပ်ခြင်းကြောင့် ငါးသေဆုံးမှု ပိုမိုဖြစ်ပေါ်စေပြီး သဘာဝတွင် ဟန်ချက်ညီ ဖြစ်ပေါ်နေမှုကိုထိပါးလာမည်ဖြစ်ပါသည်။ ထို့ကြောင့် ငါးဖမ်းဆီးခြင်းကို အကန့်အသတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်မှသာ လျှင် ငါးရိက္ခာဖူလုံရေးသာမက ရေလုပ်ငန်းဖြင့် စီးပွားတည်ဆောက် ခြင်းကိုလည်း ရေရှည်ဖော်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။ငါးဖမ်းဆီးရာတွင် အကန့်အသတ်မရှိ ကြီးကြီးငယ်ငယ်ဖမ်းမိ နိုင်ရန် ပိုက်ကွက်စိပ်များဖြင့် ဖမ်းဆီးခြင်း၊ အလွန့်အလွန်ရှည်လျား သော မျှောပိုက်ကြီးများဖြင့် ဖမ်းဆီးခြင်း၊ ဝင်လာသမျှ ငါးပုစွန် မလွတ်တမ်းထိမိရန် ပိုက်စိပ်တပ်ဆင်ထားသော ဧရာမကျားပိုက် ကြီးများဖြင့် ဖမ်းဆီးခြင်းကြောင့် ငါးအထိအမိပမာဏမှာ အမြဲတိုး တက်နေမည်သာဖြစ်ပါသည်။ ထို့ကြောင့်  ငါးဖမ်းဆီးရရှိမှုတွင် ပင်ကိုယ်သေးငယ်သော ငါးမျိုးများနှင့်အတူ တစ်ချိန်တွင် ကြီးထွား လာမည့် ငါးကြီးငါးကောင်း တို့၏ သားပေါက်များပါဝင်မှုအချိုးအဆ၊ တန်ဖိုးကြီး ငါးဖြစ်သော်လည်း အရွယ်ငယ်သဖြင့် ထိုက်သင့်သော ဈေးကွက်မရနိုင်သည့် ငါးငယ်များပါဝင်မှုအချိုးအဆကို မျက်ခြည် မပြတ် စောင့်ကြည့်တိုင်းတာပြီး ငါးလုပ်ငန်းထိန်းသိမ်းစောင့်ရှောက် ခြင်းနှင့် စီမံခန့်ခွဲမှုအစီအစဉ်များကို ဖော်ဆောင်သွားရန်လိုအပ်ပါ သည်။ ယခုအခါကမ္ဘာတစ်ဝန်းတိုးတက်လာသော လူဦးရေနှင့်အညီ ငါးရိက္ခာ လိုအပ်ချက်မှာလည်း တိုးတက်များပြားလာနေပါသည်။ ထိုလိုအပ်ချက်ကို လုံလုံလောက်လောက် ရေရှည်ဖြည့်ဆည်းပေးနိုင် ရန် ငါးသယံဇာတထိန်းသိမ်းစောင့်ရှောက်မှုအစီအစဉ်များ ပြဋ္ဌာန်း ခြင်း၊ ငါးသယံဇာများ မပျက်မသုဉ်း ရေရှည်အသုံးပြုနိုင်ရန် ငါးလုပ် ငန်းဆောင်ရွက်သူအားလုံးတွင်လည်း တာဝန်ရှိသည်ကို နားလည် သဘောပေါက်စွာဖြင့် ပူးပေါင်းဆောင်ရွက်လာကြရန် ကျယ်ပြန့်စွာ ဆော်သြလျက်ရှိနေပါသည်။ငါးလုပ်ငန်းပထဝီအရ မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အာရှနှင့် ပစိဖိတ်ဒေသ၊ အာဆီယံဒေသနှင့် ဘင်္ဂလားပင်လယ်အော် ဂေဟစနစ်ကြီးဒေသအတွင်းရှိ နိုင်ငံအသီးသီးတွင် ငါးသယံဇာတနှင့် သဘာဝအရင်းအမြစ်များ မပျက်မယွင်း ရေရှည်တည်ရှိနိုင်ရန် ထိန်း သိမ်းစောင့်ရှောက်ခြင်း၊ ငါးလုပ်ငန်းစီမံခန့်ခွဲခြင်း၊ ငါးလုပ်ငန်း ဆောင် ရွက်သူများကိုယ်တိုင် တာဝန်အသိရှိစွာ ပူးပေါင်းဆောင်ရွက်ခြင်း စသည်များကို စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိနေကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းနိုင်ငံအသီးသီးတွင် ဆောင် ရွက်လျက်ရှိသည့်နည်းတူ ပြည်သူများအတွက် ရေရှည်ငါးရိက္ခာဖူလုံ စေရန်သာမက ကျေးလက်နှင့်ကမ်းခြေဒေသများတွင် ငါးလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကျောင်းမှုများ  တိုးတက်ဖြစ်ပေါ်စေပြီး ဆင်းရဲ နွမ်းပါးမှုများလျော့နည်းပပျောက်စေရန်၊ နိုင်ငံစီးပွားတိုးတက်မှုကို အထောက်အကူဖြစ်စေရန် အကောင်အထည်ဖော်လျက်ရှိပါသည်။ငါးသလောက်ကို မြန်မာတို့ တန်ဖိုးထား စားသုံးကြပါသည်။အသားနူးညံ့သည်၊ အရသာထူးကဲသည်၊ အရိုးများပါ နူးအိလျက်ရှိ သော ငါးသလောက်ပေါင်းမှာ မြန်မာတို့၏ အလှူအတန်းကြီးများ တွင် မပါမဖြစ် ပင်တိုင်ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ပေါပေါများ များလည်း ရှိခဲ့ပါသည်။ ဥများဖြင့် ဆူဖြိုးနေသော ကဝက်ကင်း ငါး သလောက်မှာ အလွန်နာမည်ကြီးခဲ့ပါသည်။ ဥမြုံဥတွဲများကိုလည်း တစ်သီးတခြား ရောင်းချကြပါသည်။ ဈေးကြီးသော်လည်း မက်မက် မောမော ရှာဖွေဝယ်ယူစားသုံးခဲ့ပါသည်။ အောက်ပြည်အောက်ရွာ တွင်သာမက အညာအရပ်များအထိ ငါးသလောက်ကို တန်ဖိုးထား နေရာပေး စားသုံးကြပါသည်။ယနေ့ခေတ်ကာလတွင် ငါးသလောက်၏အရသာကို ပြည်ပ နိုင်ငံများကပါ သိရှိမက်မောလာကြသဖြင့် ဝယ်လိုအားမှာလည်း တိုး တက်မြင့်မားလာနေပါသည်။ မြန်မာနိုင်ငံမှ တင်ပို့လျက်ရှိသော ထိပ် တန်း ပင်လယ်ငါး ၁၀ မျိုးစာရင်းတွင် ငါးသလောက်မှာ ရှေ့ဆုံး တန်းမှပါဝင်နေပါသည်။ ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း ငါးသလောက် တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၈ သန်းခန့် ရရှိခဲ့ရာ စုစုပေါင်း ပင်လယ်ငါးတင်ပို့ကုန်တန်ဖိုး၏ ၁၄ ရာခိုင်နှုန်းခန့် ရှိပါ သည်။ ပို့ကုန်ဈေးကောင်းရရှိသဖြင့် ငါး သလောက်ဖမ်းဆီးခြင်းကို တိုးချဲ့လာခဲ့ ကြပါသည်။ သို့ရာတွင် ငါးသလောက်များကို ရေရှည် စားသုံးနိုင်ရန် အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော ပိုက်ကွက်အရွယ် သုံးလက်မခွဲရှိ ဝိုင်းပိုက်၊ မျှောပိုက်များဖြင့်သာ ဖမ်းဆီးရန်သတ် မှတ်ထားခြင်းများကို လစ်လျူပြုလာကြပြီး ငါးအကြီး၊ ငါးအသေး အရွယ်စုံထိ မိနိုင်သော ပိုက်စိပ်များတပ်ဆင်ထားသည့် ဝိုင်းချုပ် ပိုက်များ၊ သုံးထပ်ပိုက်များဖြင့် ငါးသလောက်များကို ဖမ်းဆီးလာကြ ပါသည်။ငါးသလောက်များသည် သဘာဝအလျောက် ဘင်္ဂလား ပင်လယ်အော်အတွင်း အစာစားကြီးထွားကြပြီး အရွယ်ရောက်လာ သောအခါ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကမ်းခြေ နှင့်  မြစ်ကြီးများ၏ အောက်ပိုင်းနေရာများရှိ ရေချိုရေငန်စပ် နေရာများသို့ အုပ်စုလိုက်ပြောင်းရွှေ့လာပြီး မျိုးပွားသားပေါက်ကြ ပါသည်။ တစ်ဖန် သားပေါက်ပြီးသောငါးကြီးများနှင့် ငါးသလောက် သားပေါက်များသည် ထပ်မံကြီးထွားရန် အစာရေစာပေါ<ကယ်သော ဘင်္ဂလားပင်လယ်အော်ရေပြင်သို့ အုပ်စုလိုက် ပြန်လည်ရွှေ့ပြောင်း ကြပါသည်။ ငါးသလောက်များ၏ ဘဝစက်ဝန်းတွင် ပင်လယ်ပြင် နှင့် ကမ်းခြေစားကျက်များသို့ အုပ်စုလိုက်ရွှေ့ပြောင်းခြင်းမှာ စဉ် ဆက်မပြတ် ဖြစ်ပေါ်လျက်ရှိပြီး လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံ များကို ငါးသလောက် ငါးဖမ်းလုပ်ငန်းဖြင့် အကျိုးစီးပွားဖြစ်ပေါ်စေ လျက်ရှိပါသည်။ဤအခြေအနေတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၌ ငါးသ လောက်များကို ရေရှည်ဖမ်းယူသုံးစွဲနိုင်ရေးအတွက် ငါးလုပ်ငန်း စီမံခန့်ခွဲမှုအစီအစဉ်များ ရေးဆွဲနိုင်ရန်နှင့် လက်ရှိသယံဇာတအခြေ အနေများကို သုတေသနပြုလုပ် ဖော်ထုတ်ပေးနိုင်ရန် "ဘင်္ဂလား ပင်လယ်အော်ဂေဟစနစ်ကြီးစီမံကိန်း  (Bay of Bengal Large Marine Ecosystem BOBLME)" အစီအစဉ်ဖြင့် ၂၀၀၈ ခုနှစ်မှ စတင်ဆောင်ရွက်ပြီး ရှေးဦးထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေ များကိုဆန်းစစ်ခြင်း၊ အမျိုးသားအဆင့် ငါးသလောက်သယံဇာတ ထိန်းသိမ်းရေး အစီအစဉ်မူကြမ်း (Draft National Plan of Action) နှင့် အကောင်အထည်ဖော်မှု အချိန်ဇယား ရေးဆွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ဆက်လက်၍ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့မှ ပညာ ရှင်များနှင့် BOBLME   စီမံကိန်းမှ ပညာရှင်များသည် ၂၀၁၁ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ တွေ့ဆုံအစည်း အဝေးပြုလုပ်ခဲ့ကြပြီး ငါးသလောက်သယံဇာတ တည်ရှိမှုနှင့် ငါးသ လောက် ငါးဖမ်းလုပ်ငန်းများကို ထိရောက်စွာ တိုင်းတာဖော်ထုတ် နိုင်ရာတွင် နည်းပညာလိုအပ်ချက်များကို အပြန်အလှန် အကူအညီ ပေးနိုင်ရန် "ငါးသလောက် ငါးဖမ်းလုပ်ငန်းနှင့် သယံဇာတ တိုင်း တာခြင်းလုပ်ငန်းအဖွဲ့ -Hilsa Fisheries Assessment Working Group"ကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့မှ ငါးလုပ်ငန်း ပညာရှင် ကိုယ်စားလှယ်ပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။မြန်မာနိုင်ငံတွင် ငါးသလောက်သယံဇာတများကို ရေရှည် ဖမ်းယူသုံးစွဲနိုင်ရန်၊ စီမံခန့်ခွဲမှု နည်းလမ်းများ ဖော်ဆောင်နိုင်ရန် ရှေးရှုပြီး ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း များမှ တာဝန်ရှိသူများနှင့် တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ငါးလုပ် ငန်းလုပ်ကိုင်သူများပါဝင်သော ငါးသလောက်သယံဇာတ ထိန်းသိမ်း ရေးအလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်ခဲ့ပါသည်။                 ထိုအလုပ်ရုံဆွေးနွေးပွဲမှ  မြန်မာနိုင်ငံတွင်  ငါးသလောက် သယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ရှေးရှုသော အောက်ပါလုပ် ငန်းအစီအစဉ် ၁၀ ခုကို အကောင်အထည်ဖော်သွားရန် ညီညီညွတ် ညွတ် သဘောတူဆုံးဖြတ်နိုင်ခဲ့ကြပါသည်။    ၁။    ပိုက်ကွက် ၄ လက်မအောက်ငယ်သော ငါးသလောက်မျှော ပိုက်များဖြင့် ဖမ်းဆီးခြင်းကို ခွင့်မပြုရန်။    ၂။    ဝိုင်းချုပ်ပိုက်ဖြင့် ငါးသလောက်ဖမ်းခြင်းတွင် ပိုက်ကွက် များကို စိစစ်သွားရန်။    ၃။    ဝိုင်းချုပ်ပိုက်များဖြင့် ငါးသလောက်ဖမ်းဆီးသော ငါးဖမ်း ရေယာဉ်စီးရေကို ကန့်သတ်ရန်၊    ၄။    သုံးထပ်ပိုက်များဖြင့် ငါးသလောက်ဖမ်းဆီးခြင်းကို တား မြစ်ရန်၊    ၅။    ကျားပိုက်များတွင် နှစ်လက်မအောက်ငယ်သော ပိုက်ကွက် ဖြင့်ပြုလုပ်ထားသော ပိုက်အိတ်များ တပ်ဆင်ခြင်းကို တားမြစ်ရန်၊    ၆။    ငါးသလောက်သားပေါက်များကို အကာအကွယ်ပေးသည့် အနေဖြင့် ပိုက်ကွက်(သုည ဒသမ ၅)လက်မအောက်ငယ် သော သောင်ဆွဲပိုက်များဖြင့် ငါးဖမ်းခြင်းကိုတားမြစ်ရန်၊    ၇။    နှစ်စဉ် ဧပြီ၊ မေနှင့် ဇွန်လများတွင် ကျားပိုက်ဖြင့် ငါး ဖမ်းခြင်း ခွင့်မပြုရန်၊    ၈။    မျိုးပွားသားပေါက်ရန် ကမ်းခြေနှင့် ကုန်းတွင်းသားပေါက် စားကျက်များသို့ ဝင်ရောက်လာသော မျိုးငါးကြီးများကို အကာအကွယ်ပေးသည့်အနေဖြင့် အဓိက သားပေါက် ရာသီဖြစ်သော စက်တင်ဘာလမှ အောက်တိုဘာလ အတွင်း ငါးမဖမ်းရရာသီသတ်မှတ်နိုင်ရေးအတွက် ငါးသ လောက်သားပေါက်စားကျက်များကို သုတေသနပြုလုပ် ဖော်ထုတ်သွားရန်၊    ၉။    မြန်မာနိုင်ငံအတွင်း ငါးသားလောက်စားကျက်များ ပိုမိုရှိ နေခြင်းဖြင့် ငါးသလောက်များ အုပ်စုလိုက်ရွှေ့ပြောင်း လာခြင်းမှာလည်း ပိုမိုများပြားလာစေမည်ဖြစ်၍ သင့်တော် သောနေရာများတွင် ငါးသလောက်  ဘေးမဲ့နေရာများ ဖော်ထုတ်သတ်မှတ်ပေးရန်၊    ၁၀။    ငါးသလောက်သယံဇာတ ထိန်းသိမ်းခြင်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အထူးလုပ်ငန်းအဖွဲ့ဖြင့် ဖွဲ့စည်းဆောင် ရွက်ရန်၊မြန်မာနိုင်ငံတွင် ငါးသလောက်သယံဇာတများကို ရေရှည် သုံးစွဲနိုင်ရေးအတွက် ထိန်းသိမ်းမှုများပြုလုပ်ရန် ထိုကဲ့သို့အလုပ်ရုံ ဆွေးနွေးပွဲမှ ဆုံးဖြတ်နိုင်ခြင်းသည် ငါးလုပ်ငန်းဆောင်ရွက်သူများ၊ ငါးလုပ်ငန်းစီမံခန့်ခွဲရန် တာဝန်ရှိသူများ၊ ငါးလုပ်ငန်း ပညာရှင်များ၊ ဇီဝဗေဒပညာရှင်များက နိုင်ငံအတွက်လိုအပ်ချက်ကို တာဝန်အသိ ရှိရှိဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဖော်ဆောင်ခြင်း သာဓက တစ်ခုဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် BOBLME စီမံကိန်းအစီ အစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော "ဒေသတွင်း ငါးသလောက်သယံ ဇာတများ ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်ရန်" ရည်မှန်းချက်ကို မြန်မာနိုင်ငံမှ ပါဝင်အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပါသည်။ ဆက်လက်၍ ငါးသလောက်သယံဇာတတည်ရှိမှုများကို ပိုမိုခေတ် မီတိုးတက်သော နည်းလမ်း၊ နည်းစနစ်များဖြင့် တိုင်းတာခြင်းကို နိုင်ငံတကာနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အစပျိုး လမ်း ခင်းမှုများလည်းဖြစ်ပါသည်။ ဤနည်းအားဖြင့် မြန်မာ့ငါးလုပ်ငန်း ရေပြင်သို့ ငါးသလောက်များ အုပ်စုလိုက် ပိုမိုရွှေ့ပြောင်းလာပြီး လွတ် လပ်စွာကြီးထွားနိုင်ရန် ဘေးမဲ့နေရာများ သတ်မှတ်ပေးခြင်း၊ သား ပေါက်ရာသီတွင် ငါးမဖမ်းရအချိန်နှင့် နေရာသတ်မှတ်ခြင်းစသော ငါးလုပ်ငန်းစီမံခန့်ခွဲမှုများ တိုးတက်ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး ငါးလုပ်ငန်းဖြင့်  အသက်မွေးဝမ်းကျောင်းမှုများ ရေရှည်ဖြစ်ပေါ်လာ စေခြင်းနှင့်အတူ ဆင်းရဲနွမ်းပါးမှုလျော့နည်းရေးကိုလည်း တစ်ဖက် တစ်လမ်းမှ ကူညီဖော်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။