ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံတဲ့ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ မြင့်မား တိုးတက်ရန်နဲ့ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲ အတားအဆီးများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အလေးအနက်ထားပြီး လစဉ်လာ ရောက်ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးမြမောင်က နိုဝင်ဘာလနောက်ဆုံးပတ်က ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ နိုဝင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေမှာ ဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ကြပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတဲ့ စီးပွားရေးကဏ္ဍ၊ လုပ်နည်းစနစ်တွေကို အသေးစိတ်လေ့လာဖို့ လိုအပ်နေပြီး တစ်ဖက်နိုင်ငံဈေးကွက်ကို ပို့နေကျပစ္စည်း၊ မှာသလောက်သာပို့နိုင်သည့်် အခြေအနေမျိုးနဲ့ အခြားဒေသများမှ စိုက်ပျိုးထုတ်လုပ်တဲ့ ပစ္စည်းမျိုးကို စောင့်ဆိုင်းပြီး တင်ပို့ရတဲ့အခြေအနေမျိုးကို ပြန်လည်သုံးသပ်ပြီး လုပ်ငန်းကွင်းဆက် (Supply chain) မှန်ကန်အောင် ဆောင်ရွက်ခြင်း၊ End User ရအောင် ချိတ်ဆက်ရောင်းဝယ်ခြင်း၊ တစ်ဖက်နိုင်ငံဈေးကွက် ဝယ်လက်များ ပုံမှန်ချိတ်ဆက်ရောင်းချနိုင်သည့် လုပ်ငန်းစနစ် (Regular supplier / Buyer system) ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခြင်း၊ ဈေးကွက်သုတေသန (Market Research) ဆောင်ရွက်ခြင်း များကို မြေပြင်လုပ်ငန်းဆောင်ရွက်သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ဒါ့အပြင် တရားမဝင်မှောင်ခိုကူးသန်းရောင်းဝယ်မှုများ လျော့နည်းပပျောက်ရေး၊ ကျန်းမာရေး ညီညွတ်မှု ရှိ၊ မရှိ FDA စစ်ဆေးမှုမပါရှိသော ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းမှုများသည် ဒေသအကျိုးနှင့် အများပြည်သူအကျိုးကို ဆိုးရွားစွာထိခိုက်သည့်အတွက် ထိရောက် သော တားဆီးအရေးယူမှုများကို သက်ဆိုင်ရာဌာနများနှင့် အစိုးရအဖွဲ့ကပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒေသတွင်း အဖိုးတန်သယံဇာတများ မဆုံးရှုံးရအောင်နဲ့ တရားဝင်ကုန်သွယ်မှုဖြစ်ထွန်းတိုးတက်ဖို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။Source: နကသ(စတ)MIRT(DOBT)
Background