မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ညောင်ပင်ကြီးရှေ့တန်းစခန်းတွင် ပါကင်ထုပ်ပိုးမှု အသေးစားစက်ရုံ တည်ဆောက်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ စက်ရုံတည်ဆောက်မယ့် မြေအကျယ်အဝန်း နှစ်ဧကကို မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ ထောက်ပံ့ကူညီပေးမှာဖြစ်ပြီး၊ စက်ရုံအတွက် လိုအပ်တဲ့စက်ပစ္စည်းများကို ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO မှ ထောက်ပံ့ကူညီပေးမှာဖြစ်ပါတယ်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း အအေးခန်းစက်ရုံ တည်ဆောက် ပြီး အဆောက်အအုံအတွင်း ပါဝင်အသုံးပြုရမယ့် ဖွဲ့စည်းပုံအချိုးအစားအတိုင်း တည်ဆောက်သွားမယ်လို့ သိရပါတယ်။ FAO မှ အဆိုပါစက်ရုံအတွင်း သစ်သီးဝလံများ မှိုပျောက်စေရန် ရေနွေးစိမ်စက်ပစ္စည်း၊ စက်တပ်ဒလိမ့်တုံး၊ စတီးတိုင်ကီ အခြောက်ခံစက်၊ အသီးဖျန်းရေပန်းစက်၊ သစ်သီးသိုလှောင်အအေးခန်းများကို ၂၀၁၂ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအတွင်း အပြီး ဆောက်လုပ်လှူဒါန်းပေးမယ်လို့ သိရပါတယ်။ အဆိုပါ ပါကင်အသေးစားထုပ်ပိုးမှု စက်ရုံတည်ဆောက်ပြီးပါက တစ်ရက်ကို သစ်သီးဝလံ ၁ တန်နဲ့ ၂ တန်ကြား ထုပ်ပိုးနိုင်မှာဖြစ်ကြောင်း၊ မန္တလေးသစ်သီးဈေးကွက်မှ Export တင်ပို့ရာမှာ အရည်အသွေးမီ၊ အဆင့်အတန်းမီတင်ပို့နိုင်ရန် ယင်းစက်ရုံကိုအသုံးပြုပြီး တင်ပို့သွားမယ်လို့ သရက်သီးအစုအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။ ဇူးဇူး
Background
