Main menu

Background

ဖရဲ အရည်အသွေးကောင်းအောင် စိုက်ပျိုးပါက အမြင့်ဆုံးဈေးရရှိနိုင်

Tue, 12/13/2011 - 04:58 -- Anonymous (not verified)

    မြန်မာ့ဖရဲကို တရုတ်နိုင်ငံဘက်မှ ရောင်းချနိုင်သလောက် ဝယ်ယူနေခြင်း များကြောင့် ဖရဲအရည်အသွေး ကောင်း ရင် ကောင်းသလိုအမြင့်ဆုံးဈေးထိ ရရှိ နိုင်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ အစေ့မဲ့ ဖရဲနဲ့ ရိုးရိုးဖရဲများကို မန္တလေး မြို့မှတစ်ဆင့်  မူဆယ် ၁၀၅ မိုင်သို့ ရောင်းချလျက်ရှိပါတယ်။ ၁၀၅ မိုင် ဖရဲ ဈေးကွက်တွင် တစ်ရက်ကို ကားစီးရေ ၁၀၀ ဝန်းကျင်ရှိ  ဖရဲသီးတန် ၁၀၀၀ တရုတ်နိုင်ငံသို့ နေ့စဉ်တင်ပို့ရောင်းချ လျက်ရှိပါတယ်။  "ဖရဲစိုက် တောင်သူ တွေအနေနဲ့ ဈေးကောင်းရအောင်လို့ အရည်အသွေးမြင့်တဲ့ ဖရဲသီးကို စိုက်ပျိုး ထိန်းသိမ်းသင့်တယ်။  ဖရဲသီးဈေးက ဒီနှစ်ဆိုရင် အရင်နှစ်ကထက် ဈေးမြင့် လာတယ်။ အရည်အသွေးကောင်းရင် ဈေးပိုကောင်းမှာပဲ။ တောင်သူတွေက ကိုယ့်ဖရဲသီး  အရည်အသွေးကောင်း၊ မကောင်းမသိဘဲ တစ်ဦးဈေးကောင်းရ တယ်ဆိုရင်   အောက်မှာကျန်ခဲ့တဲ့ တောင်သူကလည်း ဒီဈေးရချင်တယ်။ အမှန်က ဖရဲသီး အရည်အသွေးပေါ် မူတည်ပြီး ဈေးအပြောင်းအလဲရှိမယ်" လို့ ၁၀၅ မိုင်  သစ်သီးဝလံအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြော ပါတယ်။ယခုနှစ်တွင် အစေ့မဲ့ဖရဲ တစ်ကီ လိုဂရမ်ကို အနိမ့်ဆုံးဈေး ၂ ဒသမ ၅ ယွမ် (ကျပ် ၃၁၀၀) အမြင့်ဆုံးဈေး ၄ ဒသမ ၅ ယွမ် (ကျပ် ၅၅၀၀) ဈေးရ ရှိပြီး၊ ရိုးရိုးဖရဲ တစ်ကီလိုဂရမ်ကို အနိမ့် ဆုံးဈေး ၁ ဒသမ ၅ ယွမ် (ကျပ် ၁၉၀၀) အမြင့်ဆုံးဈေး ၄ ယွမ်ထိ ရရှိကြောင်း သိရပါတယ်။ ဖရဲသီး  လှိုင်ချိန်ဖြစ်လို့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများတွင် ကားစီးရေ ၁၅၀  နဲ့အထက် တင်ပို့ ရောင်းချရကြောင်း သိရပါတယ်။ ယခု နှစ်  ဈေးကောင်းရရှိခြင်းမှာ  ပစ္စည်း ကောင်းထွက်လို့ ဈေးပိုကောင်းလာခြင်း ဖြစ်ကြောင်း သိရပါတယ်။        ဇူးဇူး