၂၀၁၁ အတွင်း အာရှစပါးထွက်ရှိမှု တန်ချိန် ၆၄၆ ဒသမ ၂ သန်းအထိ စံချိန်တင်မယ်လို့ FAO ကဆို

    လက်ရှိ ၂၀၁၁ ခုနှစ်အတွင်း အာရှရဲ့ စပါးထုတ်လုပ်မှုဟာ ယခင်နှစ်ထက် ၃ ရာခိုင်နှုန်း တိုးတက်ပြီး၊ တန်ချိန် ၆၄၆ ဒသမ ၂ သန်းအထိစံချိန်တင်မယ်လို့ FAO ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခုနှစ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှ စပါးအထွက်ပြန်လည်ကောင်းမွန်လာတဲ့အတွက် ယခင်နှစ်က စပါးတန်ချိန် ၆၂၇ ဒသမ ၇ သန်းထွက်ရှိရာမှ ယခုလို တိုးတက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။    အိန္ဒိယရဲ့ စပါးထုတ်လုပ်မှုဟာ ယခင်နှစ်က တန်ချိန် ၁၄၃ သန်းခန့် ထွက်ရှိရာမှ ၂၀၁၁ မှာ ၈ ရာခိုင်နှုန်း တိုးပြီး၊ တန် ချိန် ၁၅၄ ဒသမ ၅ သန်းထိ ထွက်ရှိဖွယ်ရှိသလို ပါကစ္စတန်နိုင်ငံအနေနဲ့လည်း ယခင်နှစ်က တန်ချိန် ၇ ဒသမ ၂ သန်း ထွက် ရှိရာမှ ၃၅ ရာခိုင်နှုန်း ပိုမိုလာပြီး တန်ချိန် ၉ ဒသမ ၇ သန်းအထိ ထွက်မယ်လို့ ခန့်မှန်း ထားပါတယ်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းရာမှာတော့ ၂၀၁၀-၂၀၁၁(ဇူလိုင်-ဇွန်)အတွင်း ဆန်တန်ချိန် ၉၅ ဒသမ ၃၂ သန်းခန့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၁-၂၀၁၂ မှာ တန်ချိန် ၁၀၂ သန်း ထုတ်လုပ်ဖို့ အစိုးရက ရည်မှန်း ထားတယ်လို့ ဆိုပါတယ်။    တရုတ်နိုင်ငံမှာလည်း မိုးခေါင်ခြောက်သွေ့မှုတွေဖြစ်ခဲ့ပေမယ့် ၂၀၁၁ စပါးထွက်ရှိမှုဟာ ယခင်နှစ်ထက် ၃ ရာခိုင်နှုန်းခန့် ပိုမိုပြီး၊ တန်ချိန် ၂၀၃ သန်းခန့်ရှိမယ်လို့ FAO က ဆိုပါတယ်။ ဒါပေမယ့်လည်း ထိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံမှာတော့ ရေလွှမ်းမိုးမှုတွေဖြစ်လု့ိ စပါးအထွက်လျော့မယ်လို့ FAO က ဆိုပါတယ်။ ဂျပန်နိုင်ငံမှာလည်း ၂၀၁၁ မတ်လ ၁၁ ရက်နေ့မှာ အင်အားပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီဖြစ်ပွားခဲ့ပြီး၊ ဖူကူရှီးမား နျူးကလီးယားစက်ရုံ ရေဒီယိုသတ္တိကြွပြန့်နှံ့မှုကြောင့် သီးနှံများ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။    မြန်မာနိုင်ငံစပါးထုတ်လုပ်မှုဟာ ၂၀၁၀ မှာ တန်ချိန် ၃၀ ဒမသ ၈ သန်းရှိရာမှ ၂၀၁၁ မှာ တန်ချိန် ၃၀ သန်းကို အနည်းငယ်ကျဆင်းနိုင်ပြီး၊ ထိုင်းနိုင်ငံမှာတော့ ယခင်နှစ်က တန်ချိန် ၃၄ ဒသမ ၅ သန်းထွက်ရှိရာမှ တန်ချိန် ၃၂ သန်း ကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ၂၀၁၀ ထွက်ရှိမှုထက် ၁၆ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၁၆ ဒသမ ၄ သန်းကိုလည်းကောင်း၊ ဂျပန်နိုင်ငံအနေနဲ့လည်း ယခင်နှစ်က တန်ချိန် ၁၀ ဒသမ ၆ သန်းထွက်ရှိရာမှ တန်ချိန် ၁၀ ဒသမ ၃ သန်းကို ကျဆင်းနိုင်တယ်လို့ FAO မှ ခန့်မှန်းထားပါတယ်။                 လမင်း၊Source: PTI