Main menu

Background

မီနီဆလွန်းကားများ အဝယ်လိုက်မှုကြောင့် ဒေါ်လာဈေးတက်လာ

Sun, 12/18/2011 - 06:28 -- Anonymous (not verified)

      စက်မှုဝန်ကြီးဌာနမှရောင်းချသည့် ချယ်ရီမီနီဆလွန်းကားများ အဝယ်လိုက် မှုကြောင့် ဒေါ်လာဈေးများ တက်လာရကြောင်း သိရသည်။ နိုင်ငံခြားငွေလဲလှယ် ရေးစင်တာများတွင် လူတစ်ဦးလျှင် ဒေါ်လာ ၅၀၀ သာ လဲလှယ်ခွင့်ရှိခြင်းကြောင့် ပြင်ပဒေါ်လာဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ်များမှာ ယခင်ကထက် ပိုမို အလုပ်ဖြစ်လာကြောင်းလည်း သိရသည်။စက်မှုဝန်ကြီးဌာနက ချယ်ရီမီနီဆလွန်းကားများကို မည်သူမဆို လွတ်လပ်စွာ ဝယ်ယူခွင့်ရှိသည်ဟု အရောင်းစင်တာရှေ့တွင်ကပ်ထားသည့် ဆိုင်းဘုတ်ကြောင့် ကားဝယ်ယူမှုများမှာ ယခင်နေ့များကထက် ပိုမိုများပြားလာကြောင်း သိရသည်။အဆိုပါကားရောင်းစင်တာတွင် ကားဝယ်ယူမှုများ များပြားလာခြင်းနှင့်အတူ ပြင်ပ ဒေါ်လာဈေးကွက်တွင်လည်း ဒေါ်လာဝယ်ယူမှုများမှာ ပိုမိုများပြားလာကြောင်း သိရသည်။ အဆိုပါ ကိစ္စကြောင့် ပြင်ပဒေါ်လာဈေးကွက်တွင် ဒေါ်လာဈေးမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိကြောင်း  ပြင်ပဒေါ်လာဈေးကွက်အတွင်း  မှ စုံစမ်းသိရှိရသည်။"ကျွန်တော်တို့ဒီနေရာမှာ အရင်အပတ်တွေတုန်းက အရောင်းအဝယ်  သိပ်မ ဖြစ်ခဲ့ဘူး။ အခု စက်မှုဝန်ကြီးဌာနက ကားတွေကို မည်သူမဆို ဝယ်ယူခွင့်ရှိသည် ဆိုတဲ့အတွက် ဒေါ်လာဈေးက အရင်နေ့တွေကထက် ၁၀ နီးပါးလောက်  တက်လာ တယ်။ တနင်္လာနေ့တုန်းကဆို ၇၈၃ ကျပ်ပဲရှိတာ။ အခုဒီနေ့ ၇၉၂ ကျပ်ဖြစ်နေပြီ၊ ဒီရက်ထဲမှာလည်း ဒေါ်လာတွေ ရောင်းနေရတယ်။ နောက်ပြီး သင်္ဘောသားတွေ လည်း ကားသွင်းလို့ရတယ်ဆိုတော့ ဒေါ်လာဈေးကွက်မှာ တော်တော်လေးကို လှုပ်လှုပ်ရှားရှားဖြစ်နေတာ။ ဒီတစ်ပတ်လုံး ကျွန်တော်တို့ဆို နားကိုမနေရဘူး"ဟု ပြင်ပဈေးကွက်တွင် ဒေါ်လာရောင်းဝယ်နေသူတစ်ဦး၏ ပြောပြချက်အရသိရသည်။ငွေလဲစင်တာတွင် ဒီဇင်ဘာ ၁၂ ရက်က ၈၀၀ ကျပ်သာရှိခဲ့သော်လည်း ဒီဇင်ဘာ ၁၆ ရက်တွင် ၈၀၇ ကျပ်သို့ မြင့်တက်လာခဲ့သည်။ ပြင်ပဈေးကွက်တွင် တစ်ပတ်အတွင်း နေ့စဉ်တက်လျက်ရှိရာ ဒီဇင်ဘာ  ၁၂ ရက်တွင် ၇၈၃ ကျပ်ရှိရာမှ ဒီဇင်ဘာ ၁၃ရက်တွင် ၇၈၇ ကျပ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ၇၈၈ ကျပ်၊ ဒီဇင်ဘာ ၁၅ရက်နှင့် ၁၆ရက်တို့တွင် ၇၉၂ ကျပ်အထိ ရောက်ရှိလာခဲ့သည်။ယခုတစ်ပတ်အတွင်း ပို့ကုန်ဝင်ငွေ ဈေးနှုန်းမှာ အတက်အကျ အနည်းငယ် သာရှိခဲ့သည်။ ဒီဇင်ဘာ ၁၆ရက် ဈေးပိတ်ချိန်တွင် ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ ၈၂၉ ကျပ်ဖြင့် ပိတ်ခဲ့သည်ကို တွေ့ရသည်။ ထိုကဲ့သို့ဖြစ်ရသည်မှာ ကုန်သည်အများစုမှာ သင်္ဘောသားများ၏ ကားတင်သွင်းခွင့်ပါမစ်များနှင့်ပတ်သက်သည့် အခြေအနေ များကို စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ်ပါးခဲ့ခြင်းကြောင့် ဖြစ်ရကြောင်း စုံစမ်းသိရှိရသည်။                                      MTD, KM2O