Main menu

Background

ဖျာပုံ ရေခဲဒိုင်ဆိပ်သို့ ငါးသလောက်အဝင်များ

Sun, 12/18/2011 - 09:13 -- Anonymous (not verified)

    ယခုလပိုင်းမှာ ပင်လယ်ငါးဖမ်းရေယာဉ်များ ရက်ခြားဆိုသလို ဖျာပုံမြို့၊ ရေခဲဒိုင်ဆိပ်ကမ်းကို အဝင်များလျက်ရှိပါတယ်။ ငါးဖမ်းရေယာဉ် တစ်ခါဝင်ရင် ၅ စီးမှ  ၈ စီးအထိရှိပြီး၊ ငါးသလောက်ငါးများ အမိအရများကြောင်း သိရပါတယ်။ ငါးဖမ်းရေယာဉ်တစ်စီးမှာ ငါးကြမ်းအမျိုးအစား ငါးပြူး၊ ငါးခွေးရှာနဲ့ မျှင်ဝါငါးများပါပြီး၊ ငါးတစ်မျိုးကို ကုန်ချိန်ပိဿာ ၂၀၀၀ ကျော်ခန့်ပါပါတယ်။ ငါးသလောက်ကတော့ ကုန်ချိန်ပိဿာ ၁၀၀၀၀ ကျော်ခန့် ပါရှိတယ်လို့ ပြည့်စုံငါးအဝယ်ဒိုင်ကပြောပါတယ်။    ငါးအမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှုရှိပါတယ်။ ဖျာပုံအဝယ်ဒိုင် ဖြတ်ဈေးတွေကတော့ ငါးပြူး တစ်ပိဿာကို ၁၉၀၀ ကျပ်၊ ငါးခွေးရှာ ၂၉၀၀ ကျပ်၊ မျှင်ဝါ ၃၈၀၀ ကျပ်တို့ဖြစ်ပါတယ်။ ငါး သလောက်ကတော့ အရွယ်အစားအပေါ်ကြည့်ပြီး ဈေးနှုန်းကွာခြားပါတယ်။ အလေးချိန် နှစ်ဆယ် သားကနေ သုံးဆယ်သားအထိ ၂/၃ အရွယ် တစ်ပိဿာကို ၁၈၀၀ ကျပ်၊ ၃/၅ အရွယ် ၂၄၀၀ ကျပ်နဲ့ တစ်ပိဿာအောက်အရွယ်ကို ၉၀၀၀ ကျပ် ဈေးဖြစ်ပါတယ်။     "ယခုရက်ပိုင်းမှာ အမိအရများတာက  ငါးဆယ်သားအောက် အကောင်တွေဖြစ်ပြီး ရှေ့လ ဇန်နဝါရီကစလို့ ငါးသလောက်အကောင်ကြီးတွေ့ရတော့မှာပါ။ နှင်းများများကျလေ၊ ငါးသလောက် အမိအရများလေ၊ ငါးအကောင်ကြီးလေပါပဲ"လို့ ပင်လယ်ငါးဖမ်းဦးစီး ဦးဇော်ပိုင်က ရှင်းပြပါတယ်။ ထိုငါးများကို ရေခဲရိုက်ပြီး ကစ်ပုံးများဖြင့် ညတွင်းချင်း  ကားဖြင့် ရန်ကုန်ငါးဈေးကွက်သို့ တင်ပို့လျက် ရှိကြောင်း သိရပါတယ်။              မင်းဇော်မွန်