ပါကစ္စတန်မှ ဆန်တင်ပို့သူများ အိန္ဒိယနိုင်ငံရဲ့ လွှမ်းမိုးခံနေရ

    ပါကစ္စတန် ဆန်တင်ပို့သူများဟာ အိန္ဒိယနိုင်ငံရဲ့ ဆန်ရောင်းအားများပြားခြင်း၊ အနိမ့်ဈေးနဲ့ ရောင်းချခြင်း ကြောင့် ကြီးမားတဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရောင်းဈေးမှာ ပါကစ္စတန်ထက် တစ်တန် ဒေါ်လာ ၁၅၀ လျော့နည်း ရောင်းချလျက်ရှိပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ယခုနှစ် ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၆ ဒသမ ၅ သန်းခန့်ရှိပြီး၊ တင်ပို့မှုမှာတန်ချိန် ၄ ဒသမ ၃ သန်းခန့်ရှိပါတယ်။ နိုင်ငံရဲ့ဆန်တင်ပို့မှုကနေ ဒေါ်လာ သန်း ၈၀၀ ရရှိပြီး၊ ၂၀၁၀ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းကျဆင်းလျက်ရှိပါတယ်။ယခင်နှစ်က ဆန်တင်ပို့ခြင်းက ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရရှိခဲ့ လို့ ယခုနှစ်မှာ အဆိုပါဝင်ငွေရရှိရန် ပြည်ပတင်ပို့သူများ အားသွန်ခွန်စိုက် ဆောင်ရွက်နေရပါတယ်။    အိန္ဒိယနိုင်ငံမှာယခင်နှစ်ဟောင်းဆန် တန်ချိန် ၂၇ သန်းရှိနေပြီး၊ ယခုနှစ် ထုတ်လုပ်မှုမှာလည်း ဆန်တန်ချိန် များစွာ ပိုလျှံလျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်သော ဆန်များတင်ပို့မှုကို ၃ နှစ်ကြာပိတ်ထားခြင်းကို ဖယ်ရှားလိုက်ပြီး၊ ပြည်တွင်းတင်ပို့မှုကို တွန်းအားပေးရန် ရူပီးတန်ဖိုး ၁၈ ရာခိုင်နှုန်းကျဆင်းခြင်းတို့မှာ အိန္ဒိယနိုင်ငံမှ ပိုယှဉ်ပြိုင်နိုင်လာ ခြင်းဖြစ်ပါတယ်။ ပါကစ္စတန်ဆန်ကို နိုင်ငံတကာမှ ဝယ်လိုအားများသော်လည်း ပြည်ပတင်ပို့သူများမှာ ရည်မှန်းချက်နဲ့ လွဲချော်လျက်ရှိကာပြည်တွင်းဈေးကွက်မှာတော့ အခြေအနေကောင်းမွန်လျက်ရှိပါတယ်။ ပါကစ္စတန်က နိုင်ငံပေါင်း ၁၂၀ ကျော်ကို ဆန်တင်ပို့လျက်ရှိပြီး၊ ဝယ်လိုအားကောင်းတဲ့ ဆန်အမျိုးအစားများဖြစ်ပါတယ်။ ယင်းကဲ့သို့ ဝယ်လိုအား ကောင်း အရည်အသွေးရှိ ဆန်ထုတ်ကုန်ဖြစ်ပါလျက် ယှဉ်ပြိုင်မှုများနေရ၍ ပြည်ပတင်ပို့သူများမှာ အစိုးရရဲ့ကူညီ ထောက်ပံ့မှု လိုအပ်ကြောင်း ပါကစ္စတန်ဆန်တင်ပို့သူများ အသင်းရဲ့ ယခင် ဒုတိယဥက္ကဌ ဟောင်းမှ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်သူများကို ပိုးသတ်ဆေး၊ ယူရီးယားနဲ့ မျိုးစေ့များကို အနိမ့်ဈေးနဲ့ ထောက်ပံ့ပေးတဲ့အပြင် လျှပ်စစ်စွမ်းအားကို အခမဲ့နီးပါး ကူညီပေးလျက်ရှိပါတယ်။ ပါကစ္စတန်မှာ လျှပ်စစ်စွမ်းအင်ရရှိရေးမှာလည်း အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲ တစ်ခုဖြစ်နေပါတယ်။ စွမ်းအင် လိုအပ်ချက်ကြောင့် ဆန်စက်ပိုင်ရှင်များနဲ့ ပြည်ပတင်ပို့သူများမှာ ဓာတ်အားလိုအပ်ချက်ကို ဂျင်နရေတာစက်များဖြင့် လည်ပတ်နေရလို့ ထုတ်လုပ်မှုကုန်ကျစရိတ် တိုးလျက်ရှိကြောင်း သိရပါတယ်။yyw (mapt),Source: tribune.com