နီပေါနိုင်ငံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Pioneer Marketing မှ မြန်မာ့သစ်မာသား၊ ဆန်၊ ပဲမျိုးစုံနဲ့ သဘာဝဓာတ်ငွေ့၊ ရေနံထွက်ပစ္စည်းများတင်သွင်းလိုပြီး၊ မြန်မာနိုင်ငံကို ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆေးဖက်ဝင်အပင်များ တင်ပို့လိုကြောင်း၊ နီပေါနိုင်ငံရှိ မြန်မာသံအမတ်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ယင်းကုမ္ပဏီမှ ဈေးကွက်မန်နေဂျာနဲ့ အကြံပေး ဖြစ်သူ Mr Sanandan Singh မှ နိုဝင်ဘာ ၁၈ ရက်မှာ မြန်မာသံရုံးကိုသွားရောက်ခဲ့ပြီး အပြန်အလှန်ပို့ကုန်၊ သွင်းကုန် ပစ္စည်းများ ကုန်သွယ်မှုပြုရေးဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ နီပေါနဲ့ မြန်မာနိုင်ငံတို့အကြား ဘာသာရေး၊ ယဉ်ကျေးမှုကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှု အစဉ်အလာအရ ရှိခဲ့ပေ မယ့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလွန်နည်းနေသေးကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ်နဲ့အတူ ပြောင်းလဲလာတဲ့ ဖြစ်ပေါ် တိုးတက်မှုများကို လေ့လာလျက်ရှိပါကြောင်း၊ ယခုအချိန်အခါဟာ နီပေါ-မြန်မာ ကုန်သွယ်ရေးတိုးတက်စေဖို့ စတင်ကြိုးပမ်း လုပ်ဆောင်သင့်တဲ့အချိန်လို့ထင်ပါကြောင်း Mr Sanandan Singh မှဆွေးနွေးတယ်လို့သိရပါတယ်။ နီပေါနိုင်ငံသစ်တော ဥပဒေအရ သစ်ပင်ခုတ်ခွင့်မရှိတဲ့အတွက် သစ်မာများကိုနိုင်ငံခြားမှတင်သွင်းနေရပြီး အထူးသဖြင့် မလေးရှားနိုင်ငံမှ တင်သွင်း နေရတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံဟာသစ်သယံဇာတကြွယ်ဝတဲ့နိုင်ငံဖြစ်လို့သစ်မာသားများ တင်သွင်းလိုတယ်လို့ ဆိုပါ တယ်။ တင်သွင်းလိုတဲ့ ပစ္စည်းများမှာ တံခါးနဲ့ ပြူတင်းပေါက်ဘောင်များ ပြုလုပ်ဖို့ကြိတ်ခွဲပြီးသစ်မာအလျား ၇ ပေစီရှိတဲ့ အနံ ၉ လက်မ၊ အထူ ၄ လက်မ အသား၊အနံ ၆ လက်မ၊ အထူ ၅လက်မရှိတဲ့အသားနဲ့ အနံ ၂၀ လက်မ၊အထူ ၅ လက်မ ရှိတဲ့သစ်မာသားများအပြင် လယ်ယာထွက်ကုန်များဖြစ်တဲ့ ဆန်၊ ပဲမျိုးစုံနဲ့ သဘာဝဓာတ်ငွေ့ ရေနံထွက်ပစ္စည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အပြန်အလှန်အားဖြင့် နီပေါနိုင်ငံထွက်ပစ္စည်းများ တင်ပို့လိုကြောင်း နီပေါနိုင်ငံဟာဒေသအလိုက် ရာသီဥတု ကွဲပြားပြီး၊ သစ်ပင်ပန်းမန်နဲ့ ဆေးဖက်ဝင်အသီးအရွက်ပေါကြွယ်ဝတဲ့အတွက် အလှကုန်ပစ္စည်းများနဲ့ ဆေးဖက်ဝင်အပင်များ၊ ပန်းများကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဥရောပနိုင်ငံများအထိ တင်ပို့လျက်ရှိကြောင်း ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံကို တင်ပို့လိုတဲ့ ကုန်ပစ္စည်းများမှာ ချင်း၊ CTC လက်ဖက်ခြောက်၊ ကော့ပါးဝိုင်ယာ၊ G 1 ဝိုင်ယာ၊ အိမ်သုံးနဲ့ စက်မှုလုပ်ငန်းသုံး ကေဘယ်ကြိုးများ၊ လိုင်းဆက်ဖို့ ACSR ကွန်ဒက်တာများ၊ အဝတ်အထည်ချုပ်ပစ္စည်းများ၊ ဆပ်ပြာနဲ့ခေါက်ဆွဲခြောက် တို့ဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး နီပေါ-မြန်မာ တိုက်ရိုက်လေကြောင်းလိုင်းရှိရင် ကုန်သွယ်ရေးလုပ်ငန်း ပိုမိုသွက် လက်မြန်ဆန်မှာဖြစ်သလို နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းလည်း ပိုမိုတိုးတက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နီပေါ- မြန်မာကုန်သွယ်ရေးအဖွဲ့များ အပြန်အလှန်စေလွှတ်နိုင်ပါက ကောင်းမွန်မှာဖြစ်ပြီး၊ ၎င်းတို့ကုမ္ပဏီအနေနဲ့ ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်သွားမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာလုပ်ငန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံကို လာရောက်လို တယ်လို့လည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ MIRT
Background