မကွေးတိုင်းဒေသကြီးအတွင်းက ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူစတဲ့ ပခုက္ကူခရိုင်ထဲမှာ ဆီထွက်သီးနှံများအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းတို့ စိုက်ပျိုးကြပေမယ့် အဓိကဦးဆောင်တဲ့ ဆီထွက်သီးနှံတွေကတော့ မြေပဲနဲ့ နှမ်းတို့ပဲ ဖြစ်ကြပါတယ်။ ပခုက္ကူ ခရိုင်အတွင်းမှာ နှစ်စဉ်မြေပဲ ဧက ၈၅၀၀၀ ကျော်စိုက်တဲ့နေရာမှာ မိုးမြေပဲအနေနဲ့ ၄၇ ရာခိုင်နှုန်းနဲ့ ဆောင်းမြေပဲ ၅၃ ရာခိုင်နှုန်း စိုက်ပျိုးတယ်လို့ သိရပါတယ်။ တစ်နှစ်ပတ်လုံး မြေပဲတောင့် တန်ချိန် ၅၀၀၀၀ ကျော် ထွက်တယ်လို့ ခန့်မှန်းရပါတယ်။ နှမ်းမှာလဲ ဧက ၂၅၀၀၀၀ နီးပါးစိုက်တဲ့နေရာမှာ မိုးနှမ်းက ၆၃ ရာခိုင်နှုန်း၊ ဆောင်းနှမ်းက ၃၂ ရာခိုင်နှုန်းနဲ့ နွေနှမ်းက ၅ ရာခိုင်နှုန်း စိုက်ပျိုးကြတာ တွေ့ရပါတယ်။ တစ်နှစ်ပတ်လုံး နှမ်းတန်ချိန် ၇၀၀၀၀ နီးပါးထွက်ရှိနိုင်တယ်လို့ စာရင်းဇယားများအရ သိရှိရပါတယ်။ထွက်သမျှ မြေပဲရဲ့ ၅၀ ရာခိုင်နှုန်းကို ဆီစက်များမှာ ကုန်ကြမ်းအဖြစ် အသုံးပြုပြီး၊ ကျန် ၅၀ ရာခိုင်နှုန်းကတော့ လုံးဆန်အဖြစ် ရောင်းဝယ်အသုံးပြုကြပါတယ်။ နှမ်းထွက်သမျှထဲမှာ နှမ်းအရောင်ကိုလိုက်ပြီး၊ နှမ်းဖြူနဲ့ နှမ်းနက်ကို တော့ ပြည်ပဈေးကွက်တင်ပို့ပြီး၊ နှမ်းဝါကတော့ ပြည်တွင်းနှမ်းလှော်အဖြစ် စားသုံးကြတာတွေ့ရပါတယ်။ အဲဒီ နှစ်မျိုးပေါင်းက နှမ်းများရဲ့ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်ပြီး၊ နှမ်းညို၊ နှမ်းနီ၊ နှမ်းကြားများကတော့ ဆီစက်တွေမှာ ကုန်ကြမ်းအဖြစ် အသုံးပြုတာ ၇၀ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ပခုက္ကူက ဆီစက် ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။ လက်ရှိဆီဈေးနှုန်းတွေကတော့ မြေပဲဆီစစ်စစ်က တစ်ပိဿာ ၃၂၀၀ ကျပ်၊ ပဲရောဆီက ၂၄၀၀ ကျပ်၊ နှမ်းဆီစစ်စစ်က ၂၃၅၀ ကျပ်၊ နှမ်းရောဆီက ၂၁၀၀ ကျပ်ဈေးပေါက်ပြီး၊ အရောင်းအသွက်ဆုံး စားအုန်းဆီကတော့ တစ်ပိဿာကို ၁၇၈၅ ကျပ်ဈေးပဲရှိပါတယ်။အဲဒီစားအုန်းဆီအကြောင်း ဆက်ပြောရရင် ပခုက္ကူကို နွေရာသီဆန်းမှာ တစ်လကို စားအုန်းဆီပေပါ ၂၀၀၀ ကျော်ခန့် ဝင်တတ် ပါတယ်။ ပိဿာ ၂၃၀၀၀၀ ကျော် စားသုံးတဲ့သဘောပါ။ ဆောင်းရာသီမှာတော့ တစ်လကို ပေပါ ၁၂၀၀ ခန့်ဝင်လို့ ပိဿာ ၁၄၀၀၀၀ နီးပါးဖြန့်ဖြူးရလေ့ရှိပါတယ်။ ဟိုးအရင်နှစ်တွေကတော့ ခုလိုဆောင်းရာသီမှာ စားအုန်းဆီတို့ သဘာဝအရ အေးခဲချင်ပြီး၊ အရောင်နောက် နေတော့ဈေးကွက်ဝေစုအရ နည်းတတ်ခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ စားအုန်းဆီအကြည်များ ဝင်ရောက်လာလို့ ပဲဆီနှမ်းဆီတွေ ဈေးကွက်နေရာမရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုနှစ် ဆောင်းရာသီပေမယ့်လည်း ဆီစက်များမှာ မလည်တဲ့အခါ မလည်၊ ရပ်တဲ့အခါ ရပ်နေတာကြောင့် သူငယ်ချင်းဆီစက်ပိုင်ရှင်က ပြောပြပါတယ်။ဆီစက်တွေလည်နိုင်မှ ကုန်ကြမ်းသီးနှံစိုက်ပျိုးတဲ့ မြေပဲ၊ နှမ်း တောင်သူတွေလည်း တွက်သားကိုက်ပါတယ်။ ဆီစက်လုပ် သားများလည်း အိန္ဒြေရပါမယ်။ ဆီစက်ပိုင်ရှင်များ၊ စက်အပိုပစ္စည်းရောင်းသူများ၊ ပဲဖတ်၊ နဖတ် တိရစ္ဆာန်အစာရောင်းဝယ်သူများ၊ သယ်ယာဉ်များ ဝင်ငွေမှန်ပါမယ်။ သူငယ်ချင်းဆီစက်ပိုင်ရှင်ကို အားရပါးရဗျူးပြီး၊ မင်းစက်ထဲ ဝင်လေ့လာဦးမယ်ကွာလို့ ပြောကာ စက်ထဲ ဝင်မယ်လုပ်တဲ့ အခါမှာတော့ စက်ရုံတံခါးပေါက်ကိုပင် မမြင်ရဘဲ စားအုန်းဆီပေပါတွေ၊ ပလတ်စတစ်ပုံးတွေဟာ ဆင့်ကာ ဆင့်ကာ စီထပ်ထားလို့ သူငယ်ချင်းက " ဆီစက်ထဲဝင်မယ်ဆိုရင်တော့ ရှေ့မှာပိတ်ကာဆီးနေတဲ့ စားအုန်းဆီ ပုံတွေ အနည်းအကျဉ်းတော့ ဖယ်ရှားဖို့လိုအပ်မှာဖြစ်တယ်"လို့ ပြောလိုက်ကြောင်းပါ..... မောင်မောင်အေး
Background