သီလဝါရေနက်ဆိပ်ကမ်းသတင်းကြောင့် သီလဝါ၊ ကျောက်တန်းနှင့် ထမလုံတို့တွင် မြေကွက်များ ဈေးအဆမတန်မြင့်တက်လျက်ရှိ

နိုင်ငံတော်အစိုးရမှ သီလဝါရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ရေးလုပ်ငန်းကိုစတင်ရန် တွန်းအားပေးနေမှုကြောင့် ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ အဆိုပါရေနက်ဆိပ်ကမ်းအား လာရောက်ပူးပေါင်း လုပ်ကိုင်မည်ဆိုသည့်သတင်းများကြောင့် အဆိုပါဒေသရှိမြေကွက်များမှာ အဆမတန် ဈေးများမြင့်တက်လျက်ရှိကြောင်း သိရသည်။ သီလဝါစက်မှုဇုန်နှင့်ကပ်လျက် မြေကွက်များတွင် ပေ၄၀×၆၀ မြေကွက် တစ်ကွက်လျင် ယခင်က ကျပ်သိန်း ၂၀ သာရှိရာမှ ယခုအခါ ကျပ်သိန်း ၂၅၀ အထိရှိလာကြောင်း သိရသည်။ သီလဝါစက်မှုဇုန်ပြင်ပတွင်ရှိသည့် မြေကွက်များမှာလည်း ပေ ၄၀×၆၀ မြေကွက်တစ်ကွက်လျင် သိန်း ၁၅၀ ရှိရာမှ ယခုအခါတွင် ကျပ်သိန်း ၆၀၀ အထိ မြင့်တက်လာကြောင်း၊ ထမလုံတွင် ပေ ၂၀×၆၀ မြေကွက်မှာ ယခင်က ၂သိန်းသာရှိပေမယ့် ယခုအခါတွင် ကျပ် သိန်း ၂၀-၂၅ အထိ မြင့်တက်ခဲ့ကြောင်း အေးမေတ္တာအိမ်ခြံမြေရောင်းဝယ်ရေးမှ ဦးမောင်မြင့်က ပြောကြားခဲ့သည်။ ထို့ပြင် ဒဂုံမြို့သစ်ရှိ မြေကွက်များကိုလည်း ကြိုက်ဈေးပေး၍ အိမ်တိုင်ယာရောက်ငွေချေသည့်စနစ်ဖြင့် လိုက်လံဝယ်ယူနေမှုကြောင့် အဆိုပါဒေသမှမြေကွက်များမှာ ယခုအချိန်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ အဆိုပါမြေကွက်ဝယ်ယူသူများမှာ ရောင်းချသည့်သူမှ ပွဲစားခပေးချေရန်မလိုဘဲ ဝယ်ယူသူမှ ပွဲစားခကိုပေးချေ သည့်အတွက် မြေကွက်ရောင်းချသူများမှာ ပိုမိုများပြားလာရခြင်းဖြစ်ကြောင်း  အက်စ်အမ်ဒီအိမ်ခြံမြေရောင်းဝယ်ရေးမှ ပြောပြချက်အရ သိရသည်။                                        မယ်သီတာ