ဗီယက်နမ် ဆန်တင်ပို့မှု စံချိန်တင်မြင့်တက်၊ မလေးရှားကို ပိုမိုတင်ပို့ဖို့ ဆွေးနွေးမှုများပြုနေ
ယခုနှစ်ဗီယက်နမ်ရဲ့ ဆန်တင်ပို့မှုဟာ ၂၀၁၀ ခုနှစ်ထက် ၄ ဒသမ ၃၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တန်ချိန် ၇ ဒသမ ၁၉ သန်းထိ စံချိန်တင်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပြောကြားပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံကို ၅ မှတ်ဆန် တန်ချိန် ၂ သိန်းရောင်းချဖို့ ဆွေးနွေးမှုတွေပြုလုပ်နေလို့ ၂၀၁၂ ခုနှစ်မှာ မလေးရှားကို တန်ချိန် ၅ သိန်းထိ တင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ၅ မှတ်ဆန်အတွက် ကြမ်းခင်းဈေး တစ်တန် ကန်ဒေါ်လာ ၅၀၀ နှုန်းနဲ့ ယခင်သီတင်းပတ်က သတ်မှတ်ခဲ့ပြီး၊ ကန်ဒေါ်လာ သန်း ၁၀၀ ဖိုးစာချုပ်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံဟာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် ဗီယက်နမ်ဆန်ကို တတိယ အများဆုံး ဝယ်သူဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံခန့်ရရှိလို့ ယခင်နှစ်ထက် ၁၄ ရာခိုင်နှုန်းမြင့်တက်လိမ့်မယ်လို့ ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံပြီးရင် ကမ္ဘာမှာ ဒုတိယအကြီးဆုံး ဆန်တင်ပို့တဲ့ ဗီယက်နမ်နိုင်ငံဟာ ၂၀၁၀ ခုနှစ်မှာ တန်ချိန် ၆ ဒသမ ၈၃ သန်းတင်ပို့ခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၇ သန်းဝန်းကျင်တင်ပို့ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ ဝင်ငွေပိုမိုမြင့်တက်လာခြင်းမှာ ထိုင်းအစိုးရရဲ့ စပါးဝယ်ယူရေးအစီအစဉ်ကြောင့် အာရှဆန်ဈေးမြင့်တက်လာတဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ဗီယက်နမ် စပါးထုတ်လုပ်မှုမှာ ယခုနှစ်မှာ ထွက်ရှိတဲ့ ပမာဏကဲ့သို့ တန်ချိန် ၄၂ သန်းဝန်းကျင် ထွက်ရှိနိုင်ကြောင်း၊ စပါးအထွက်ပိုခြင်းအားဖြင့် အာရှနိုင်ငံများအတွင်း ရောင်းချမှုလုံလောက်စေဖို့ အကူအညီ ဖြစ်စေနိုင်ပြီး၊ ဈေးနှုန်းကိုလည်း လျော့ကျစေနိုင်ကြောင်း အစိုးရဝန်ကြီးတစ်ဦးမှ ပြောကြားပါတယ်။ နိုင်ငံရဲ့ ၂၀၁၂ အတွက် ဆန်တင်ပို့မှု ကနဦးရည်မှန်းချက်မှာ တန်ချိန် ၆ ဒသမ ၅ သန်းနဲ့ ၇ သန်းကြားဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။လဝန်း၊ Source: Reuters
