Main menu

Background

ရေစကြို - ပခန်းနယ်က ထုတ်လုပ်ထားတဲ့ အထွက်တိုး ပခန်းရွှေဝါစပါး တောင်သူများ တိုးချဲ့စိုက်ပျိုး

Wed, 01/04/2012 - 04:16 -- Anonymous (not verified)

    မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ အိုအိဆူကာ (OISCA) ဂျပန် အဖွဲ့တို့ပူးပေါင်းပြီး လယ်ယာ-သစ်တောစိုက်ပျိုးရေးသင်တန်းကျောင်း ကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ပခန်းကြီး ကျေးရွာမှာဖွင့်လှစ်ခဲ့တာ ဒီနှစ်ဆိုရင် ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ အိုအိဆူ ကာအဖွဲ့ဟာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ၂၆ နိုင်ငံမှာ လူမှုရေးလုပ်ငန်းများကို ကူညီဆောင်ရွက် ပေးနေပါတယ်။ ဒီသင်တန်းကျောင်းမှာဆိုရင် မြန်မာနိုင်ငံ အရပ်ရပ်မှ တောင်သူသားသမီး လူငယ်များကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစားသောက်ကုန်လုပ်ငန်းများကို သင်တန်း ကြေးငွေပေးသွင်းရန်မလိုဘဲ ၁၁ လကြာ စာတွေ့၊ လက်တွေ့ သင် ကြားပေးရင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်နေပါတယ်။ ဒီကျောင်းမှာ တစ်နှစ်သင်တန်းသား ၁၀ ဦး၊ သင်တန်းသူ ၁၀ ဦးစီခေါ်ယူပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မဲ့ခေါင်းဆောင်ကောင်းတွေကို ပြုစုပျိုးထောင်ပေး လျက်ရှိပါတယ်။ ဒီစိုက်ပျိုးရေးလုပ်ငန်းအနေနဲ့စပါးသီးနှံအဓိက ထား ပြီး ဓာတ်မြေ သြဇာပိုးသတ်ဆေးများ လုံးဝမသုံးစွဲဘဲ သင်တန်း ကျောင်းမှထုတ်လုပ်ထားတဲ့အီးအမ်သဘာဝမြေသြဇာနဲ့ ပိုးသတ်ဆေး များကို ကိုယ်တိုင်ပြုလုပ်သုံးစွဲစိုက်ပျိုးပါတယ်။    ဒီတရားဝင်ထုတ်လုပ်ထားတဲ့ ပခန်းရွှေဝါနဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၅ ရက်နေ့စွဲနဲ့  Commerce ဂျာနယ်မှာ "ရွှေဘို ပခန်းရွှေဝါအထွက်တိုး စပါးကန်ကြီးထောင့်မြို့နယ်မှာ ပြောင်းလဲ စိုက်ပျိုး" ဆိုတဲ့ သတင်းပါလာတဲ့အတွက် ဒီဆောင်းပါးကို ရေးသားရ ခြင်းဖြစ်ပါတယ်။ ဒီစပါးမျိုးဟာ သင်တန်းကျောင်းက ထုတ်လုပ် ထားတဲ့ မျိုးသစ်ဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်မှာ နိုင်ငံတော်မျိုးစေ့ ကော်မတီ ထံ ပခန်းရွှေဝါအမည်နဲ့ မှတ်ပုံတင်ခဲ့ရာ ၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံ အတွင်း ထုတ်လုပ်ဖြန့်ဖြူးခွင့်ရရှိခဲ့ပါတယ်။ ပခန်းရွှေဝါ စပါးမျိုးဟာ ဆိုရင် အသက်လျင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိမယ့် မျိုးထဲမှာ ပါဝင် ပါတယ်။  ဒီမျိုးဟာဆိုရင် သင်တန်းကျောင်း အခြေစိုက်တဲ့ ပခန်းကြီး ဒေသအမည်နဲ့ အနှံထွက်ပုံလှပပြီး ရွှေဝါရောင်ရှိတဲ့အတွက် "ပခန်း ရွှေဝါ" အမည်မှည့်ထားတာ ဖြစ်ပါတယ်။    ဒီစပါးမျိုးကို ၂၀၀၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံမှ မျိုးစေ့ ၁၀၀ ဂရမ် ယူဆောင်လာခဲ့ပြီး၊ သင်တန်းကျောင်းမှာ စတင်စမ်းသပ် စိုက်ပျိုး ခဲ့ပါတယ်။ နှစ်စဉ်အခြားမျိုးများနဲ့ ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးပြီး၊ စပါးမျိုးသစ်ရဲ့ ထူးခြားတဲ့ အရည်အချင်းများကို  လက်တွေ့လေ့လာ ခဲ့တဲ့အခါ ထူးခြားကောင်းမွန်တဲ့ အရည်အချင်းတွေကို သိရှိခဲ့ရ ပါတယ်။ ဒီမျိုးကို သင်တန်းကျောင်းရဲ့ စပါးစိုက်ပျိုးနည်းစနစ်အတိုင်း Dapog - Method နဲ့ ပျိုးသက်နုနု၊ ကောက်ကွက်ကျဲကျဲ၊ ဓာတု မြေသြဇာ(လုံးဝ) မသုံးစွဲဘဲ အီးအမ်ဘိုကာရှီ မြေသြဇာများသုံးစွဲပြီး၊ စိုက်ပျိုးတဲ့အခါမှာ အထွက်နှုန်းအနေနဲ့ တစ်ဧက တင်း ၁၀၀ ကျော် ထွက်ရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီမျိုးရဲ့  အမြစ်ဟာ ထူးထူးခြားခြား သန်စွမ်းတဲ့အတွက် ပင်ပွားထွက်ရှိမှု အလွန်ကောင်းမွန်ပါတယ်။ စားသုံးရာမှာလည်း နူးညံ့ပြီး အနည်းငယ်စေးပေမယ့် အရသာရှိပါ တယ်။ နေရဒေသလိုက်ပြီး  စားသုံးမှုအရသာကတော့ အနည်းငယ် ကွာခြားနိုင်ပါတယ်။ ၂၀၀၅ ခုနှစ်မှစပြီး ဒေသခံ တောင်သူ များက ကြိုက်နှစ်သက်တဲ့အတွက် ပြင်ပတောင်သူများကို စတင်ရောင်းချ ပေးခဲ့ပါတယ်။    ၂၀၀၈ ခုနှစ်မှာတော့ နာဂစ်မုန်တိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းဒေသ ကြီး၊ ဒေးဒရဲမြို့မှ တောင်သူဦးကြီးတွေအတွက်  ပခန်းရွှေဝါစပါး ၄၄တင်းကိုလှူဒါန်းရင်း ဧရာဝတီတိုင်းဒေသကြီးမှာ ပခန်းရွှေဝါမျိုးကို စတင်စိုက်ပျိုးလာခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှ  တောင် သူများကလည်း အထွက်နှုန်းကောင်းပြီး စားလို့အရသာရှိတဲ့အတွက် သင်တန်းကျောင်းအစီ အစဉ်နဲ့ ၂၀၀၉ ခုနှစ်မှာ ကျိုက်လတ်မှ တောင်သူများထံသို့လည်း ဖြန့်ဖြူးရောင်းချပေးခဲ့ပါတယ်။ ပခန်းရွှေဝါ မျိုးစပါးဟာ အသက်ရင့် ၁၁၅-၁၂၀ ရက်၊ အပင်မြင့် ၃ ပေ - ၃ ဒသမ ၅ ပေ၊ အနှံပါပင်ပွား ၂၀ - ၂၅၊ တစ်နှံပါအောင်စေ့ ၁၀၀- ၁၀၉၊ အစေ့ ၁၀၀၀ အလေးချိန် ၂၁-၂၂ ဂရမ်ပါရှိပြီး၊ တစ်ဧက အထွက်နှုန်း မိုးစပါး ၉၀-၁၀၀ တင်း၊ နွေစပါး ၁၀၀-၁၁၀ တင်း ထွက်ရှိပါတယ်။    ရေစကြိုမြို့နယ်ဟာဆိုရင် မကွေးတိုင်းဒေသကြီးမှာ အပူဆုံး ဒေသတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက မြေခဲတောင် ကျေးရွာ မှာ ဆည်တည်ဆောက်ပေးခဲ့ပြီး နောက်ပိုင်းမှာ တောင်သူများဆည် ရေနဲ့ စပါးစိုက်ပျိုးလာခဲ့ပါတယ်။ မြေခဲတောင်ကျေးရွာဟာဆိုရင် သင်တန်းကျောင်းတည်ရှိရာ ပခန်းကြီးဒေသနဲ့ ၂ မိုင်အကွာမှာ ရှိပြီး၊ စပါးစတင်စိုက်ပျိုးတဲ့အချိန်ကစပြီ၊ သင်တန်းကျောင်းမှ  မျိုးကောင်း မျိုးသန့်ဖြန့်ဖြူးပေးခြင်း၊ ကုန်ကျစရိတ်သက်သာစေတဲ့ စပါးပျိုးထောင် နည်းများ(ပျိုးကော်ဇော်နည်း)သင်ကြားပေးခြင်း၊ သဘာဝမြေသြဇာ များ အေ<ကး ရောင်းချပေးခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်လုပ် ပေးခြင်းနဲ့ ဆန်စပါးပိုမိုထုတ်လုပ်နိုင်ရန် တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။  ဒီနှစ်ဆည်ရေသောက်ဒေသ နွေ စပါးရာသီမှာ ပခန်းရွှေဝါစိုက်ပျိုးသော တောင်သူများနဲ့ တွေ့ဆုံပြီး၊ မေးမြန်းကြည့်တဲ့အခါမှာ ဒီမျိုးဟာအသက်လျင်တယ်၊ ဒီနှစ်တစ်ဧက နွေစပါးမှာ တင်း ၁၀၀-၁၂၀ ကျော်ထွက်တယ်။ အရသာက နူးညံ့ပြီး စားလို့ကောင်းတဲ့အပြင် ဆန်ထွက်လည်း ကောင်းတယ်လို့  ပြောကြ ပါတယ်။ ဒါ့အပြင် သင်တန်းကျောင်းရဲ့  ပျိုးထောင်နည်းစနစ်ကို သဘောကျကြောင်း၊ ဘာကြောင့်လဲဆိုရင် ဒီနည်းဟာ အချိန်၊ ငွေ ကြေး၊ လုပ်အားခ၊ ရေလိုအပ်ချက်တွေ အလွန်သက်သာပြီး၊ ကုန်ကျ စရိတ်နည်းပါးတဲ့အတွက် နောက်နှစ်တွေမှာလည်း ဒီနည်းနဲ့စိုက် မယ်လို့ သိရပါတယ်။ အခုဆိုရင် ဒီရွာမှ တောင်သူတွေရဲ့ ပြောပြ ချက်အရ ပခန်းရွှေဝါစားပြီးတဲ့နောက်ပိုင်း အခြားစပါးမျိုးတွေကို မစားနိုင်ကြောင်း၊ အထွက်နှုန်းလည်းကောင်းလို့ အခြားမျိုး များကို မစိုက်လိုကြောင်း သိရှိရပါတယ်။ သင်တန်းကျောင်းအနေနဲ့ စပါးစိုက် ပျိုးသူ တောင်သူများအား ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှုအောင်မြင် ရေးအတွက် နည်းပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ရောင်းချ ပေးခြင်း၊ စိုက်ပျိုးစရိတ် ထုတ်ချေးခြင်း၊ သဘာဝမြေသြဇာ လုပ် နည်းများ သင်ကြားပေးခြင်းဖြင့် တောင်သူဦးကြီးများကို ကူညီဆောင် ရွက်ပေးလျက်ရှိပါတယ်။    ပခန်းရွှေဝါ စပါးမျိုးကို တောင်သူဦးကြီးများက ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို သုံးစွဲပြီး စိုက်ပျိုးတဲ့ အခါမှာ တစ်ဧကအထွက် နှုန်းပိုမိုထွက်ရှိတာကိုတွေ့ရပါတယ်။အဲဒီမျိုးဟာ မြန်မာနိုင်ငံ အလယ် ပိုင်းဒေသမှာသာမက ဧရာဝတီတိုင်းဒေသကြီးမှာလည်း ရေမြေ ဒေသနဲ့ ကိုက်ညီမှုရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိကြောင်း ကြားသိရ ပါတယ်။ ပခန်းရွှေဝါစပါးမျိုးနဲ့ ပက်သက်ပြီး တွေ့ရတဲ့ ထူးခြားတဲ့ အချက်အလက်တွေကတော့ အသက်လျင်ခြင်း၊ ပန်းတိုင်အထွက်နှုန်း မျှော်မှန်းနိုင်ခြင်း၊ ဆန်စားသုံးမှုကောင်းမွန်ခြင်း၊ ရေမြေရာသီဥတုနဲ့ ကိုက်ညီခြင်း၊ မိုးစပါး၊ နွေစပါး စိုက်ပျိုးနိုင်ခြင်း၊ မြေသြဇာတုံ့ပြန်မှု အားကောင်းခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်းတို့ကို တွေ့ရပါတယ်။    သင်တန်းကျောင်းအနေနဲ့ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူး ခြင်းဖြင့် ဆန်စပါး တိုးတက်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး၊ ပခန်းရွှေဝါ စပါးမျိုးသစ်ကို နှစ်စဉ်မျိုးသန့်အောင် ဆောင်ရွက်လျက် တောင်သူ ကြီးများကို ဖြန့်ဖြူးပေးရန် ဆောင်ရွက်နေပါတယ်။ လက်တွေ့စိုက်ပျိုး ရင်း သိရှိခဲ့ရတဲ့ ပခန်းရွှေဝါစပါး မျိုးသစ်ရဲ့ အချက်အလက်များ၊ စိုက်ပျိုးနည်းပညာများကိုဒေသအသီးသီးမှ စပါးစိုက်ပျိုးသူ တောင်သူ ဦးကြီးများ သေသေချာချာသိရှိရန် ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေး သား ရခြင်းဖြစ်ပါတယ်။ အကယ်လို့ သင်တန်းကျောင်းရဲ့ ပခန်းရွှေဝါ စပါးမျိုးသစ်နဲ့ ပက်သက်ပြီးတော့ဖြစ်ဖြစ်၊ ဒီသင်တန်းကျောင်းတက်ဖို့ စိတ်ပါဝင်စားလို့ပဲဖြစ်ဖြစ် သိရှိချင်တယ်ဆိုရင်တော့  အသေးစိတ် အချက်အလက်များကို ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်း ကောင်းပါးလိုက်ပါရစေ။                 ဆက်သွယ်ရန်လိပ်စာ-ဒေါ်နီနီစိုး၊ ဆက်သွယ်ရေးတာဝန်ခံလက်ထောက်မန်နေဂျာ (မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း)လယ်ယာ-သစ်တောစိုက်ပျိုးရေးသင်တန်းကျောင်းပခန်းကြီး၊ ရေစကြိုမြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်းဒေသကြီးဖုန်း-၀၉-၆၅၇၀၂၆၅