ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့ရဲ့ သမိုင်းဝင်ရွှေဥမင်သဘာဝလှိုင်ဂူတော်ဘုရားခြေတော်ရင်းမှ ငှက်ပျောတော ရပ်ကွက်ဟာ ရှမ်းစက္ကူ၊ ယပ်တောင်၊ စာအုပ်၊ စာအိတ်၊ အလှဆင်မီးပုံးနဲ့ စက္ကူထီးထုတ်လုပ်တဲ့ အိမ်တွင်းမှုရပ်ကွက် ကလေးဖြစ်ပါတယ်။ နိုင်ငံခြားခရီးသွားဧည့်သည်များမှာလည်း အံ့ဖွယ်ဥမင်ဘုရားနဲ့ စက္ကူထီး လုပ်ငန်းအား အထူးစိတ်ဝင်စား ကြပြီး၊ လုပ်ငန်းခွင်ကိုဝင်ရောက်လေ့လာကြရာမှာ ဒေသခံများက ကုန်ပစ္စည်းထုတ် လုပ်ပုံ အဆင့်ဆင့်အား လက်တွေ့ပြုလုပ် ပြသခြင်း၊ ရိုးရာဖြစ် စားသောက်ဖွယ်ရာများနဲ့ တည်ခင်းဧည့်ခံခြင်းများနဲ့ ယဉ်ကျေးပျူငှာစွာ ရောင်းအားမြှင့်တင်ကြပါတယ်။ ထုတ်ကုန်ပစ္စည်းများထဲက ခရိုင်နှစ်ထပ်စက္ကူထီးအား ပြည်ပခရီးသွားများက ပိုမိုနှစ်ခြိုက်သဘောကျကြပြီး၊ ပြည်တော်ပြန် လက်ဆောင်အဖြစ်သယ်ယူသွားကြကြောင်းသိရပါတယ်။ ထီးဖျင်အတွက်လျှော်ပင်မှထုတ်လုပ်ရတဲ့ စက္ကူ၊ ထီးခရိုင်နဲ့ ထီးရိုး အတွက် ဝါး၊ ထီးဖျင်ကြာရှည်ခံနိုင်ရည်ကောင်းရန်နဲ့ အရောင်ထွက် လှပရန်အတွက် တည်သီးစိမ်ရည် သုတ်လိမ်းခြင်းများ ပြုလုပ်ပြီး၊ ကုန်ကြမ်းအားလုံး ဒေသထွက်များဖြစ်ကာ မြန်မာ့ရိုးရာစစ်စစ်လက်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ နှစ်ထပ်ထီးမှာ ထီးခရိုင်နှစ်ထပ်ဖြင့် ပြုလုပ်ထားပြီး၊ အောက်ထီးရွက်မှာ အချင်းလေးပေခွဲ၊ အထက်ထီးရွက်မှာ အချင်းနှစ်ပေခွဲရှိပါတယ်။ နှစ်စဉ်ပြည်ပကမှာယူမှုရှိပြီး၊ ယခုနှစ်မှာ ခရိုင်နှစ်ထပ်ထီးအား၊ စင်္ကာပူ၊ တရုတ်နဲ့ ပြင်သစ်တို့မှ ထီးအလက် ၇၀၀၀ မှာယူထား ကြောင်း သိရှိ ရပါတယ်။ " တောင်ကြီးနဲ့ ပြင်ဦးလွင် မီးပုံပျံပွဲတော်များကို ရှမ်းစက္ကူထုတ်လုပ်ရောင်းချပြီးချိန်ဖြစ်လို့ ပြည်ပမှ မှာယူတဲ့ ခရိုင်နှစ်ထပ် စက္ကူထီးတွေကို အရည်အသွေးကောင်းမွန်အောင်၊ အချိန်မီတင်ပို့နိုင်အောင် လုပ်ငန်းတူများခွဲဝေလုပ်ကိုင် တင်ပို့သွားမှာ ဖြစ်ပါတယ် "လို့ ပြည်ပအမှာစာရရှိထားသူ ကုန်ထုတ်လုပ်သူ ဦးကျော်ဆွေက ပြောပြပါတယ်။ ပင်းတယမြို့က ထုတ်လုပ်တဲ့ ခရိုင်နှစ်ထပ်ထီးမှာ ဥတုသုံးပါးအသုံးပြုနိုင်ပြီး၊ ခရီးသွားစင်တာများ၊ ဟိုတယ်များ၊ တည်းခိုဆောင်များနဲ့ ကမ်းခြေအပန်းဖြေ စခန်းများမှာ အရိပ်လည်းရ၊ အလှဆင်ရန် ပြည်တွင်းပြည်ပမှ ဝယ်ယူသုံးစွဲ ကြခြင်းဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအားရိုးရာကုန်ထုတ်လုပ်ငန်းဖြင့်ဆွဲဆောင်ထားနိုင်ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတစ်ခုအဖြစ် တွေ့ရှိရပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအထောက်အကူပြု လုပ်ငန်း တစ်ခုအဖြစ်ရှိနေကြောင်း သိရပါတယ်။မြင့်နိုင်
Background