သင်္ဘောအဝင်အထွက်များလာတဲ့သံလွင်မြစ်နဲ့ ပြန်လည်စည်ကားလာတဲ့မော်လမြိုင်ဆိပ်ကမ်း
ယခုတလော သံလွင်မြစ်အတွင်း ပင်လယ်ပြင်သွား သင်္ဘောတော်တော် များများ ဝင်ထွက်ဖြတ်သန်း သွားလာမှုရှိနေတာကို မော်လမြိုင်မြို့သားများ စိတ်ဝင်တစားရှိနေကြတယ်လို့ သတင်းရရှိပါတယ်။ ယခင် ၁၀ နှစ်ကျော်လောက် ကစပြီး ဒီလိုသင်္ဘောမျိုးတွေ ဝင်ထွက်တာ တစ်စတစ်စ ပျောက်ကွယ်သွားပြီး၊ မတွေ့ ရတာကြာပြီဖြစ်တဲ့ မြင်ကွင်းမျိုးကို မော်လမြိုင်ကမ်းနားတစ်လျှောက် ပြန်လည်မြင် တွေ့နေရလို့လည်းဖြစ်ပါတယ်။ သင်္ဘောတွေကတော့ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်တဲ့ ကုန်ချိန် တန် ၁၀၀၀ မှ တန် ၃၀၀၀ အထိတင်ဆောင်နိုင်တဲ့ Marnie Vessel ပင်လယ်ပြင်သွား သင်္ဘော များဖြစ်ပါတယ်။ ဒီသင်္ဘောတွေရဲ့လုပ်ငန်းတွေကို လေ့လာကြည့်တဲ့အခါမှာ ကရင် ပြည်နယ် မြိုင်ကလေးဒေသက ဘိလပ်မြေစက်ရုံနှစ်ရုံကထွက်တဲ့ ဘိလပ်မြေတွေကို မြန်မာနိုင်ငံအတွင်း လိုအပ်တဲ့ဒေသတွေကို သယ်ယူနေတဲ့အဖွဲ့နဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ကထွက်တဲ့ လိပ်သဲကျောက်တွေကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေ နက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းကို သယ်ယူပို့ဆောင်ပေးနေတဲ့ အဖွဲ့တွေ ဖြစ်တယ်လို့ သိရပါတယ်။ "ကရင်ပြည်နယ် မြိုင်ကလေးဒေသမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် စက်ရုံတစ်ရုံနဲ့ တပ်မတော်ဘိလပ်မြေစက်ရုံတစ်ရုံ ပေါင်း နှစ်ခုက ဒီနှစ်အတွင်းမှာ ထုတ်လုပ်မှုတိုးမြှင့်တာရယ်၊ ကုန်းလမ်းက မော်တော်ယာဉ်များရဲ့ အာဆီယံစံနှုန်း သတ်မှတ်ချက်ကြောင့် ကုန်ပို့ခနှုန်းတွေ မြင့်မားလာတာရယ်၊ ဘိလပ်မြေဈေးနှုန်း သက်သာတာရယ်တွေကြောင့် ရေလမ်းခရီးကို အသုံးပြုလာကြတာဖြစ်တယ်"လို့ မော်လမြိုင်မြို့ခံ ကုန်မာရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ မွန်ပြည် နယ်နဲ့ ကရင်ပြည်နယ်ကထွက်တဲ့ လိပ်သဲကျောက်တွေကိုတော့ ကျောက်ဖြူရေ နက်ဆိပ်ကမ်းတည်ဆောက်ရေးမှာ အသုံးပြုဖို့ သယ်ယူ တာဖြစ်ကြောင်းနဲ့ ဒီလို သက်ရင့်ကျောက်တွေကို အခြားဒေသတွေမှာ သိပ်များများစားစားမရဘူးလို့လည်း သိရပါတယ်။ အဝင်အထွက် သင်္ဘောအားလုံး သံလွင်တံတား(မော်လမြိုင်)ကို ဖြတ် သန်းရတာဆိုတော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကိုသတင်းပို့ပြီး၊ ရေကြောင်းပြ သင်္ဘောနဲ့ ဖြတ်ရပါတယ်။ ဒီတော့မော်လမြိုင် ဆိပ်ကမ်းဖြစ်စေ၊ ရေလည်မှာ ကျောက်ချလို့ဖြစ်စေ နားရပါတယ်။ သင်္ဘောသားတွေလည်း လိုအပ်တာတွေဝယ်ဖို့ တက်ကြဆင်းကြနဲ့ ကူးတို့စက် လှေသမားတွေလည်း အလုပ်ရ၊ ဈေးသည်တွေလည်း အလုပ်ဖြစ်၊ မော်လမြိုင်ဆိပ် ကမ်းလည်း ပြန်လည်အသက်ဝင်လာလို့ အနာဂတ်မှာ မွန်ပြည်နယ်ထွက် ရော်ဘာနဲ့ ရော်ဘာသစ်များ၊ ဆန်များ ပြည်ပတင်ပို့ပြီး၊ သွင်းကုန်များတင်သွင်းခြင်းဖြင့် ကုန် သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စည်ကား လာဖို့ မော်လမြိုင်ဒေသခံတို့ မျှော်လင့် နေကြကြောင်း သိရပါတယ်။ စိုးမြင့်
