မူးမြစ်ကူးတံတားတည်ဆောက်ခြင်းစီမံကိန်း ၇၅ ရာခိုင်နှုန်းပြီးစီးပြီ၊ ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ထွက်ကုန်များ သယ်ယူစရိတ်လျော့နည်းတော့မယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကြားရှိ မူးမြစ်အား ဖြတ်ပြီး မူးမြစ်ကူး (ရန်ကြီးအောင်) တံတားအား ၂၀၁၀ ခုနှစ် ဇူလိုင်လမှစပြီး ဆောက်လုပ်ခဲ့ရာ ၇၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။ မူးမြစ်ကူးတံတားမှာ ရွှေဘိုမြို့နယ်ဘက်ကမ်းရှိ ရေကြည်ဝရွာနဲ့ ဒီပဲယင်းမြို့နယ်ဘက်ကမ်းရှိ မူးကမ်း ကြီးရွာအား ဆက်သွယ်ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ တံတားအရှည်ပေ ၈၄၀ ရှိပြီး၊ ချည်းကပ်လမ်း မှာ ရွှေဘိုဘက်ကမ်းမှာ ပေ ၂၀၀၀၊ ဒီပဲယင်းဘက်ကမ်းမှာ ပေ ၁၃၀၀ ရှိပြီး၊ လမ်းအကျယ်မှာ ပေ ၃၀ ရှိကြောင်း သိရပါတယ်။ တံတားအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ကမ်းကပ်ခုံ နှစ်ခုနဲ့ ရေလည်တိုင် ၁၃ ခုပါဝင်ပါတယ်။ ၎င်းင်းတံတားကို ရွှေဘိုမြို့မှ ဦးလှပေါ-ဒေါ်နုနုအောင်(ကံသာဦးဆန်စက်) မိသားစုမှ ငွေကျပ်သိန်း ၅၀၀ မတည်ပြီး၊ အများထည့်လှူငွေများနဲ့ လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ရွှေဘိုမြို့နဲ့ မုံရွာမြို့ကိုဆက်သွယ်နိုင်တဲ့ တံတား သုံးစင်းရှိပြီး၊ ယခုမူးကမ်းကြီး - ရေကြည်ဝတံတား မှာ လေးစင်းမြောက်တံတားဖြစ်ကြောင်း၊ တံတား သုံးစင်းအနက် အုန်းတောရွာဘက်မှထွက်တဲ့ (ညောင်ပင်ဝင်းတံတား) ဖြတ်ပါက မိုင် ၁၀၀ ကျော်၊ ရွှေပန်းကုန်းရွာဘက်ခြမ်းရှိ သမရိုးတံတားမှာ ၆၆ မိုင်၊ ရေဦးတံတားမှာ ၇၅မိုင်ကွာဝေးကြောင်း၊ မူးကမ်းကြီး-ရေကြည်ဝတံတားပြီးစီးပါက ၅၅ မိုင်သာ ကွာဝေးမှာဖြစ်ပြီး၊ ထွက်ကုန်များကူးသန်းသွားလာမှု လွယ်ကူနိုင်မှာဖြစ်ကြောင်း၊ လတ်တလောမှာ ဇက်နဲ့ ကူးနေရပြီး ဆန်ဈေးနှုန်းမှာ တစ်ဖက်ကမ်းမှာ ကွာခြားမှုပမာဏများနေရာ တံတားကြီးပြီးစီးပါက ဈေးနှုန်း ကွာဟမှုနည်းနိုင်ကြောင်း သိရပါတယ်။ ဇူးဇူး