Main menu

Background

နဂါးမောက်ဈေးကွက်ကောင်း၍ စိုက်ပျိုးသူများ

Sun, 01/08/2012 - 09:07 -- Anonymous (not verified)

             ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာမှာ နဂါးမောက်စိုက်ပျိုးသူများလာကြောင်း သိရပါတယ်။ နဂါးမောက် ဈေးကွက်မှာ နဂါးမောက်သီးတစ်လုံး အနည်းဆုံး ၅၀၀ ကျပ်နဲ့ အများဆုံး ၃၀၀၀ ကျပ်ရှိပြီး၊ နဂါးမောက်သီး အနည်းဆုံးဈေးက ပန်းသီးဈေးနဲ့ ကွာဟမှုနည်းတာကြောင့် စားသုံးမှုများလာကြောင်း သိရပါတယ်။ လိပ်ချင်းကျေးရွာမှ နဂါးမင်းခြံပိုင်ရှင် ဦးအောင်နိုင်ထွန်းက " နဂါးမောက်ပင်စိုက်တာ နေရာအများကြီး မပေးရဘူး။ တိုင်တစ်တိုင်စိုက်ရင် ၄ ပင်လောက်စိုက်လို့ရတယ်။ ကျွန်တော့ခြံမှာ အပင် ၁၀၀၀ စိုက်ထားပါတယ်။  စပါးစိုက်တာက မိုးစပါးမှာမြတ်ပြီး၊ နွေစပါးမှာ အရှုံးခံစိုက်ရတာ။ ဒါကြောင့် ကိုယ့်ခြံထဲမှာရှင်းပြီး အပိုဝင်ငွေရအောင် စိုက်ပျိုးလိုက်တာ။ တွက်ခြေကိုက်တယ်။ အပင် ၁ ပင်ကို ၁၀ လုံးသီးရင်ကို ပျမ်းမျှ ၁၀၀၀ ကျပ်တွက်ရင်  ကျပ် ၁၀၀၀၀ ရမယ်။ အပင် ၁၀၀၀ ဆို ၁၀ သိန်းရမယ်။ နောက်နှစ်တွေမှာ အရင်းအနှီးများများမလိုတော့ဘူး။ ဖွဲပြာထည့် နောက်ချေးထည့်ဆေးဖျန်းဖိုးလောက်ပဲ ကုန်တော့မှာ။ ကိုင်းရင့်ရင့်စိုက် ၇ လ၊ ၈ လဆို အသီးသီးတယ်။ နဂါးမောက်ပင်တွေရဲ့ကြားထဲမှာ ဘောင်လုပ်ပြီး၊ အိမ်စားဖို့ ကြက်သွန်နီ၊ ဖြူလည်းစိုက်ထားလို့ရတယ်။ ကျွန်တော်တို့ အိမ်မှာ တစ်နှစ်စာ စားလို့ရတယ်။ ဝယ်စားစရာမလိုဘူး။ ရွာထဲမှာ ကျွန်တော့ခြံက နဂါးမောက်ပင် ၁ ပင်လက်ဆောင်ပေးလိုက်တာ ၂ နှစ်ထဲမှာ ကိုင်းအများကြီးဖြစ်ပြီး အသီးတင်လို့ ကျပ် တစ်သိန်းခွဲလောက်ရတယ်။ နဂါးမောက်စိုက်ရတာ တွက်ခြေကိုက်လို့ စိုက်တဲ့သူများလာတယ်"လို့ ပြောပါတယ်။ရွှေဘိုမြို့နယ်ဘက်မှာ နဂါးမောက်အဖြူစိုက်ပျိုးမှုများကြောင်း သိရပါတယ်။ ပုံမှန်အားဖြင့် မေလမှ အောက်တိုဘာလ အတွင်း အသီးသီးလေ့ရှိရာ နဂါးမောက်ပင်ထိပ်မှာ ယခုလိုဆောင်းရာသီ၌ မီးသီးထွန်းပြီး စိုက်ပျိုးပါက တစ်နှစ်ပတ်လုံး အသီးသီးရန် စမ်းသပ်ထားကြောင်း၊ ယခင်နှစ်စမ်းသပ်မှုမှာ နှစ်လစောပြီး၊ အသီးသီးလာကြောင်း သိရပါတယ်။ ရွှေဘိုမြို့နယ် ထွက် နဂါးမောက်သီးများကို ရွှေဘိုမြို့နဲ့ မြန်မာနိုင်ငံအထက်ပိုင်းရှိ မြို့များကို တင်ပို့ရောင်းချမှုရှိကြောင်း ယခုနှစ်မှာ ပိုပြီး လူကြိုက်များလာကြောင်း သိရပါတယ်။                                                                       ဇူးဇူး