အာရှဆန်ရောင်းလက်များ အပြိုင်အဆိုင်ဈေး လျှော့ချကမ်းလှမ်းနေ
နိုင်ငံတကာဆန်ဈေး ဆက်လက်ကျဆင်းနေပါတယ်။ ဇန်နဝါရီလ ၁၁ ရက်မှာ ထိုင်းဆန်တင်ပို့သူများ ဆန်တစ်တန် ၅ ဒေါ်လာ-၁၀ ဒေါ်လာ လျှော့ချခဲ့သလို အလားတူ အိန္ဒိယကလည်း တန်းနိမ့်ဆန်ကို ၁၀ ဒေါ်လာလျှော့ပြီး သတ်မှတ်ဖော်ပြ လာပါတယ်။ တစ်ပတ်အတွင်းမှာလည်း နေ့စဉ်ဆိုသလို ဈေးချနေကြပြီး တန်းနိမ့် ဆန်ဈေးကွက်ရရှိဖို့ အပြိုင်အဆိုင်နဲ့ အောက် ဆုံး ဈေးရောက်အောင် လျှော့ချနေကြပါတယ်။ ဗီယက်နမ်ကလည်း နိုင်ငံရဲ့တန်းမြင့်ဆန်ဈေးကွက်မှာ အမည်ရစေဖို့ ဆက်လက် ကြိုးပမ်းလို့နေပါတယ်။ ပါကစ္စတန် ဆန်ရောင်းလက်များက အစိုးရကဈေးကွက်ကြားဝင်မယ့်အစီအစဉ်နဲ့ ပြည်တွင်းစပါးဝယ်ယူမယ့် အစီအမံတွေ ကြောင့်ဒီနှစ်ဆန်တင်ပို့မှုကျဆင်းမှာကို စိုးရိမ်နေကြပါတယ်။ ဒီအတိုင်းဆို ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှုကျဆင်းမှာဖြစ်ပြီး၊ ပါကစ္စတန်ဆန်ဟာ အိန္ဒိယကို ယှဉ်ပြိုင်နိုင်တော့မှာမဟုတ်ဘူးလို့ ဆန်တင်ပို့သူတွေက ဆိုပါတယ်။ ဆန်တင်ပို့သူတွေက လုပ်ငန်းလည်ပတ်မှုမြှင့်တင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဈေးပိုမိုလျှော့ချလိုကြပါတယ်။ အဓိကဆန်ထုတ်လုပ်တဲ့နိုင်ငံတွေမှာ ယခုဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တစ်ခုအနေနဲ့ နိုင်ငံရဲ့အစိုးရများဟာ တောင်သူတွေကို အထောက်အပံ့ပေးဖို့ထင်ရှားတဲ့ မူဝါဒများအရ ဆန်ဈေးနှုန်းတိုးမြင့်ပေးခြင်းဟာ ဆန်တင်ပို့သူတွေ အတွက် အကျပ်အတည်းဖြစ်စေပါတယ်။ ထိုင်းနိုင်ငံက အောက်တိုဘာလ ၇ ရက်ကစပြီး စပါးဆန်စီမံကိန်းအသစ်ကို စတင်ခဲ့ပြီးတဲ့ နောက်ဆန်တင်ပို့မှုကကျဆင်းခဲ့ပါတယ်။ ထိုင်းအစိုးရက ဈေးကွက်ပေါက်ဈေးထက် ၂ ဆပိုတဲ့ဈေးနဲ့ စပါးဝယ်ယူခဲ့လို့ ကမ္ဘာ့ ဈေးကွက်မှာ ထိုင်းဆန်ယှဉ်ပြိုင်နိုင်မှုကျဆင်းခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကလည်း ဘာစမာတီဆန်အတွက် အနိမ့်ဆုံးတင်ပို့ဈေးကို တစ်တန်ကန်ဒေါ်လာ ၉၀၀ သတ်မှတ်လိုက်ခြင်းဟာ ဈေးအလွန်မြင့်တယ်လို့ ဆန်တင်ပို့သူတွေကဆိုပါတယ်။ ဆန်တင်ပို့သူတွေက အနိမ့်ဆုံး တင်ပို့ဈေးကို လျှော့ချပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပေမဲ့ စက်တင်ဘာလ ၉ ရက်မှာ ဘာစမာတီမဟုတ်တဲ့ ဆန်တင်ပို့ခွင့် ပြန်လည်ခွင့်ပြုပြီးတဲ့နောက် ဘာစမာတီ မဟုတ်တဲ့ဆန် ခေါင်းစဉ်နဲ့ ဘာစမာတီဆန်တွေ တင်ပို့နေတယ်လို့ ဆိုပါတယ်။ ဗီယက်နမ်ကလည်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း VFA က လက်ရှိကမ်းလှမ်းသတ်မှတ်ထားတဲ့ဈေးထက် တစ်တန်ကန် ဒေါ်လာ၅၀ခန့်ပိုပြီး ကြမ်းခင်းဈေးများ သတ်မှတ်ကြေညာခဲ့ပါတယ်။ အဲဒီကြမ်းခင်းဈေးနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေစပြီး တင်ပို့ရမှာဖြစ်ပါတယ်။ ဆန်ဈေးကွက်ပြင်ပမှာလည်း ဥရောပဇုန်ပြဿနာ ဆက်လက်ကြီးထွားနေခြင်းနဲ့အတူ နိုင်ငံရေးမသေချာမှု တွေအရ ကုန်စည် ဈေးကွက်က မရေမရာဖြစ်နေပါတယ်။ အမေရိကန်ဆန်ဈေးကွက်ကတော့ လာမယ့်လတွေ အတွက် ဆန်အပါအဝင် သီးနှံကြိုပွိုင့်ဈေးကွက်အတွက် ကြိုတင်ခန့်မှန်းရောင်းဝယ်နိုင်မယ့် အမေရိကန်စိုက်ပျိုးရေး ဌာနရဲ့ ရောင်းချမှုနဲ့ဝယ်လိုအား အစီရင်ခံစာကို စောင့်ကြည့်တဲ့အနေအထားရှိနေပါတယ်။လမင်း ၊ Source: Oryza
