အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှု အနိမ့်ဆုံးဈေး (MEP)တစ်တန်ကန်ဒေါ်လာ ၂၅၀ ထိမြင့်တက်နေလို့ ယခုဘဏ္ဍာနှစ်ရဲ့ ပထမ ၉ လအတွင်း ကြက်သွန်နီတင်ပို့မှုဟာ မနှစ်က ကာလတူနဲ့ ယှဉ်ရင် ၂၃ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။ တရုတ်နဲ့ အီဂျစ်တို့က နိုင်ငံတကာဈေးကွက်မှာ တစ်တန်ကန်ဒေါ်လာ ၂၀၀ ထက်နည်းတဲ့ ဈေးနဲ့အမြောက်အမြား ရောင်းချနေရာ ယူနေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ၂၀၁၁ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကြက်သွန်တန်ချိန် ၁၀၃၇၉၇၈ တင်ပို့ခဲ့လို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၁၃၄၀၇၇၂ ထက်လျော့ကျခဲ့တယ်လို့ စိုက်ပျိုးရေးဆိုင်ရာ သမဝါယမ Nafed ကပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ခြင်းကို ပြန်လည်ဖွင့်လှစ်ပေးပြီးတဲ့နောက် အစိုးရဟာ MEP ဈေးကို တစ်တန် ကန်ဒေါ်လာ ၄၅၀ နဲ့ ကနဦးသတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက်မှ ပထမအကြိမ် ကန်ဒေါ်လာ ၃၅၀ ကို လျှော့ချခဲ့ပြီး ၂၀၁၁ နိုဝင်ဘာလမှာ နိုင်ငံတကာဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စေဖို့ ကန်ဒေါ်လာ ၂၅၀ ကို ထပ်မံ လျှော့ချခဲ့ပြန်ပါတယ်။ ဒါပေမယ့် တရုတ်နဲ့ အီဂျစ်တို့က တစ်တန်ကန်ဒေါ်လာ ၂၀၀ ထက်လျှော့ပြီး ရောင်းချနေတယ်လို့ မွန်ဘိုင်း စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့သူအသင်းဥက္ကဋ္ဌက ပြောပါတယ်။ သီရိလင်္ကာနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို တင်ပို့မှုမှအပ ဘင်္ဂလားဒေ့ရ်ှ၊ ရုရှား၊ ဥရောပနဲ့ မောရေးရှပ်တို့လို အခြားဖောက်သည်နိုင်ငံတွေကို တင်ပို့မှုကတော့ ကျဆင်းခဲ့တယ်လို့ ထပ်လောင်း ပြောကြားပါတယ်။ သီးနှံအမြောက်အမြားထွက်ရှိလို့ အစောပိုင်းက ပျော်ရွှင်နေကြတဲ့ ကြက်သွန်စိုက်တောင်သူများဟာ ယခုအခါ ဈေးကျ ဆင်းမှုနဲ့ ကြုံတွေ့နေရပါတယ်။ Nashik ဈေးကွက်တွေကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကြက်သွန်ဝင်ရောက်မှု နှစ်ဆ ကျော်ပိုမိုလာခဲ့တယ်လို့ Nafed မှ ဆိုပါတယ်။ အာရှမှာ အကြီးဆုံး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဈေးကွက်ဖြစ်တဲ့ ဒေလီ အခြေစိုက် Azadpur ဈေးကွက်မှာ ၂၀၁၁ ဒီဇင်ဘာလအတွင်း ကြက်သွန်တောင်ပုံရာပုံမြင်တွေ့ရတယ်လို့ ဆိုပါတယ်။ယမင်းခင်၊Source: fleshplaza.com
Background