မန်ဈေးကွက်မှာ နှမ်းနက်နဲ့ နှမ်းဖြူကို တရုတ်ဝယ်လိုအား ရှိတာကြောင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလများမှာ အရောင်း အဝယ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ မန္တလေးအထွက် ၁၆ မိုင်ဂိတ် ဖြတ်စာရင်းအရ နှမ်းဖြူကိုနိုဝင်ဘာလမှာ ၄၂၂၈ တန်ခန့်၊ ဒီဇင် ဘာလမှာ ၅၅၂၂ တန်ခန့် အထွက်ရှိတာကိုတွေ့ရပြီး၊ နှမ်းနက်မှာ ၄၈၈၄ တန်၊ ၄၃၅၈ တန်နဲ့ ပုံမှန်နီးပါးအထွက်ရှိခဲ့ပါတယ်။ တစ်ရက် ပျမ်းမျှတန် ၁၆၀ နီးပါးရှိပါတယ်။ ဝယ်လိုအား ရှိတဲ့အတွက် နှမ်းဖြူနဲ့ နှမ်းနက်များ ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ နှမ်းဖြူ တစ်ပိဿာ ၁၄၄၄ ကျပ်မှ ၁၅၃၃ ကျပ်ကြား အရောင်းအဝယ်ဖြစ်ပေမယ့် ယခု ၂၀၁၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ဈေးအနည်းငယ်မာပြီး ဈေးငြိမ် လျက်ရှိကြောင်း သိရပါတယ်။ ယခုလက်ရှိ နှမ်းဖြုတစ်ပိဿာ ၁၅၂၂ ကျပ်မှ ၁၅၅၆ ကျပ်ကြား ဈေးနှုန်းဖြင့် နေ့စဉ် ၃တင်းအိတ် ၆၅၀ အိတ်မှ ၇၅၀ အိတ်ကြား အရောင်းအဝယ်ဖြစ်သော်လည်း ယခင်လနဲ့ နှိုင်းယှဉ်ရင် များစွာအပို့လျော့သွားကြောင်း နှမ်းကုန်သည်တစ်ဦးထံမှ သိရပါတယ်။ နှမ်းနက်ဈေးနှုန်းကလည်း နိုဝင်ဘာလမှာ တစ်ပိဿာ ၁၅၈၉ ကျပ်-၁၇၇၈ ကျပ်ကြား၊ ဒီဇင်ဘာလမှာ ၁၆၆၇ ကျပ်မှ ၂၀၁၂ ကျပ်ကြား အရောင်းအဝယ်ဖြစ်ခဲ့လို့ ဒီဇင်ဘာလမှာ ဈေး အမြင့်ကို ရောက်လာသလို ရောင်းဝယ်အားလည်းကောင်းခဲ့ပါတယ်။ ၁၆ မိုင် ဂိတ်ဖြတ်စာရင်းအရ တစ်ရက်ကိုနှမ်းဖြူတန် ၅၀ ခန့်မျှသာ ဖြတ်သန်း လို့ တစ်ရက်ကို တန် ၁၀၀ ကျော် (၃ တင်းအိတ်) ၁၅၀၀ အိတ်နီးပါး လျော့နည်းတာကို တွေ့ရပါတယ်။ မန္တလေး ကုန်စည်ဒိုင်အတွင်းသို့ နှမ်းဖြူဝင်ရောက်မှုနည်းသကဲ့သို့ တရုတ်ဝယ်လက်မှလည်း အဆွဲအေး သွားကြောင်း သိရပါတယ်။ နှမ်းကုန်သည်ပွဲစားတစ်ဦးမှ ဒီဇင်ဘာလလောက် ဈေးမမာပေ မယ့် အမြင့်ဈေးနဲ့ ငြိမ်နေတဲ့အတွက် ရောင်းရ၊ ဝယ်ရတာအဆင်ပြေ ပါကြောင်း၊ ဝယ်လိုအား နည်းသွားပေမယ့် တဖြည်းဖြည်းပြန်ပြီး အရောင်းအဝယ်ကောင်းလာနိုင်ကြောင်း၊ အဝင်နည်းလို့ အထွက် လည်း နည်းသွားတာဖြစ်ကြောင်း၊ မန္တလေးမှအတက်ကုန်ကား တန်ဆာခ (သယ်ယူခ) ဈေးနှုန်းများ တစ်ရက်နဲ့ တစ်ရက်မတူညီဘဲ ဈေးကွာဟတတ်တာကြောင့် ဈေးနှုန်းစုံစမ်းပြီး တွက်ခြေကိုက်မှသာ တင်ပို့ရတာလည်း ပါဝင်ကြောင်းသုံးသပ်ပြောဆိုသွားကြောင်း သိရပါ တယ်။ စိုးအောင်
Background