Main menu

Background

အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေပြီး တိုက်ခန်းများသာ အရောင်းအဝယ်ဖြစ်

Mon, 01/16/2012 - 07:29 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်းမှာ အိမ်ခြံမြေဈေးကွက်ဟာ ထူးထူးခြားခြား ငြိမ်သက်နေသည်ကိုတွေ့ရသည်။ အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေသော်လည်း ကွန်ဒိုများ၊ တိုက်ခန်းများမှာ အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေပွဲစားတစ်ဦးကပြောသည်။"ကျွန်မတို့ အခုဒီရက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက် တော်တော်လေးကို ငြိမ်နေတာ။ အရောင်းတင်ထားတာပဲ ရှိတယ်။  အဝယ်ကမရှိသလောက်ကို နည်းသွားတာ၊ မေးတာမြန်းတာတွေကတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း တကယ်တမ်း ဈေး စကားပြောပြီလည်းဆိုရော ဝယ်သူကမလာတော့ဘူး။""တိုက်ခန်းတွေ၊ ကွန်ဒိုတွေကတော့ ရောင်းနေရတာပဲ။ ဝယ်ရောင်းလုပ်နေတာတွေ များတယ်။ အခုဝယ်လိုက်တယ်။ဆယ်သိန်း၊ ဆယ့်ငါးသိန်းလောက် မြတ်တယ်ဆိုရင်ပဲ ပြန်ရောင်းနေကြတာ။ အဲဒါမျိုးတွေများတယ်"ဟု ပြောသည်။ ယခုလော လောဆယ်တွင် စက်မှုဇုန်များအနီးရှိ လူနေရပ်ကွက်အတွင်းမှ မြေကွက်များမှာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။"အခုဆိုရင် ဒီဒဂုံအရှေ့စက်မှုဇုန် နားက မြေကွက်တွေကို လိုက်ဝယ်နေကြတာ။ အရင်တုန်းကလည်း ဝယ်နေကြတာပဲ။ အခုက ဈေးနည်းနည်းငြိမ် သွားတော့ဝယ်သူတွေလာနေကြတာ။ နေ့တိုင်းလိုလိုပဲ။ ဒီမှာက ပေ ၄၀×၆၀ တစ်ကွက်ကို နေရာကို လိုက်ပြီး သိန်း ၄၀အထက်မှာရှိတယ်။ ဒါက အိမ်မပါသေးဘူး။ အိမ်ပါရင်တော့တစ်မျိုးပေါ့။ နောက်ပြီး နေရာကောင်းရင်ကောင်း သလိုဈေးပေးရတယ်"ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမှ မလှလှ အိမ်ခြံမြေရောင်းဝယ်ရေးမှ ပြောကြားသည်။         မယ်သီတာ