Main menu

Background

အိန္ဒိယအစိုးရက ကြက်သွန်နီတင်ပို့မှု အနိမ့်ဆုံးဈေးနှုန်းကို ဖယ်ရှားနိုင်

Mon, 01/23/2012 - 08:56 -- Anonymous (not verified)

    ကြက်သွန်နီဈေးနှုန်း ဆက်တိုက်ကျဆင်းနေတာကြောင့် ဒီအချိန်အတွင်း ကြက်သွန်နီတင်ပို့မှုအနိမ့်ဆုံး ဈေးနှုန်း (MEP) ကို ဖယ်ရှားပေးဖို့ စားသုံးသူရေးရာဝန်ကြီးဌာနက စဉ်းစားနေကြောင်းသိရပါတယ်။ လယ်ယာ ထွက်ကုန်တင်ပို့မှုကို အကန့် အသတ်ဖြစ်စေတဲ့ အစိုးရရဲ့ပြောင်းလဲနေတဲ့မူဝါဒကို လေ့လာဆန်းစစ်သူများက ဝေဖန် ကြပေမဲ့ ဒီပြောင်းလဲမှုက ပြည်ပတင်ပို့သူ တွေအတွက် ပိုမိုအကျိုးရှိလာမယ်လို့ ဆိုပါတယ်။      ဒါ့အပြင် မကြာသေးခင်က သိသိသာသာကျဆင်းခဲ့တဲ့ ကြက်သွန်နီဈေးနှုန်းတည်ငြိမ်စေဖို့အတွက်လည်း ရည်ရွယ်တာ ဖြစ်ပါတယ်။ ကြက်သွန်နီအတွက် အနိမ့်ဆုံးတင်ပို့ဈေးနှုန်းကို ပြည်ပပြန်လည်တင်ပို့ခွင့်ပြုခဲ့တဲ့ စက်တင် ဘာလ ၉ ရက်မှာ တစ်တန်ကန်ဒေါ်လာ ၄၇၅ ရှိခဲ့ရာမှ ကန်ဒေါ်လာ ၁၅၀ ထိလျှော့ချခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလို ဈေးလျှော့ချခဲ့ပြီး ၁၀ ရက်ခန့်မှာဘဲ ကြက်သွန်အများဆုံးထုတ်လုပ်ရာ မဟာရပ်ရှတရာမှ ကြက်သွန်တောင်သူ အုပ်စုနဲ့ နိုင်ငံရေးသမားတွေက ပြင်းထန်တဲ့ဆန့်ကျင်မှု တွေပြုလုပ်လာခဲ့ပါတယ်။    လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ကြက်သွန်နီဈေးသိသိသာသာကျဆင်းလို့ MEP  မလိုအပ်တော့တဲ့အတွက် ကြက်သွန်နီ MEP  ကို ဖယ်ရှားဖို့ဖြစ်လာတယ်လို့ စားသုံးသူရေးရာ ထိပ်တန်းအရာရှိတစ်ဦးကဆိုပါတယ်။ သြဂုတ်လမှာ ကြက်သွန်နီဈေးနှုန်း မြင့်တက်မှု ၄၀ ရာခိုင်နှုန်းထိရှိခဲ့ရာမှ မိုးကြက်သွန်အထွက်များပြီး၊ ဆောင်းကြက်သွန် စိုက်ဧရိယာ ပိုမိုထွက်ခဲ့တာကြောင့် ဒီဇင်ဘာလ ၃၁ ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၇၄ ဒသမ ၇၇ ရာခိုင်နှုန်းထိ ပြန်လည်လျော့ကျခဲ့ပါတယ်။ မနှစ်ကထက် မိုးကြက်သွန်ပိုကောင်းတဲ့အတွက် တစ်နိုင်ငံလုံး ဈေးနှုန်းကျဆင်းခဲ့ တယ်လို့ဆိုပါတယ်။ ကြက်သွန်ဈေးနှုန်း မြင့်တက်ခဲ့တာကြောင့် ၂၀၁၀ ခုနှစ် စားသောက်ကုန်ဈေးနှုန်းဖောင်းပွမှုဟာ ဂဏန်း နှစ်လုံးအထိရှိခဲ့ပါတယ်။     မဟာရပ်ရှတရာ၊ မဒ္ဒရာပရာဒေ့ရှ်၊ ဂူဂျာရတ်၊ ရာဂျက်စသန်၊ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ်တို့က မိုးကြက်သွန် အားလုံးနီးပါး သိမ်းပြီးပြီဖြစ်လို့ ဈေးကွက်ကို ကြက်သွန်အသစ်တွေ ဝင်ရောက်လာတာကြောင့် လက်ရှိဈေးဟာ မနှစ်က ဈေးအောက်ရောက်နေတယ်လို့  Nashik အခြေစိုက် နိုင်ငံတော်သစ်သီးဝလံဖွံ့ဖြိုးမှုနဲ့ သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဆောင်းကြက်သွန်စိုက်ဧရိယာကလည်း မနှစ်ကနဲ့ ယှဉ်ရင် ပိုမိုတယ်လို့လည်းဆိုပါတယ်။     ဒါပေမဲ့ အပြောင်းအလဲများတဲ့ ကြက်သွန်တင်ပို့မှုဈေးနှုန်းမူဝါဒက ဈေးကွက်ကိုထိခိုက်မှုရှိတယ်ဆိုတာ ယုံကြည်နေကြပြီး၊ အိန္ဒိယရောင်းချသူတွေကလည်း အောင်မြင်မှုနည်းပါးလိမ့်မယ်လို့ ယူဆနေကြပါတယ်။ အိန္ဒိယ လယ်ယာထွက်ကုန်များဟာ ပြိုင်ဖက်နိုင်ငံတွေထက် နိုင်ငံတကာဈေးကွက်မှာ ဈေးနည်းရရှိတဲ့ ကြီးမားတဲ့ အကြောင်း ရင်းက ယုံကြည်မှုကိုနည်းပါးစေကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးနဲ့မူဝါဒသုတေသနဌာနမှ ဒါရိုက်တာ Ramesh Chand  ကဆိုပါတယ်။ တရုတ်လိုအခြားနိုင်ငံ တွေဟာ ကြက်သွန်အစရှိတဲ့ လယ်ယာထွက်ကုန်ပုံမှန် တင်ပို့နေပေမဲ့ အိန္ဒိယကတော့ အဲဒီလိုမဟုတ်ဘူး။ အကြောင်းကတော့ စက်တင်ဘာလမှာ ကြက်သွန်နီတင်ပို့မှု ပိတ်ထားခြင်းကို ပြန်လည်ခွင့်ပြုချိန် ဝယ်လက်အများစုက နှစ်စဉ်ဝယ်ယူမှုအတွက် စာချုပ်ချုပ်ပြီးသားဖြစ်နေလို့ ဈေးကွက်မှာ ဝေစုနည်းနည်းဘဲရရှိပြီး၊ အနိမ့်ဈေးနဲ့ရောင်းချရတာဖြစ်တယ်လို့ ဆိုပါတယ်။    အိန္ဒိယမှာ တစ်နှစ်ကို မိုး၊ မိုးနှောင်း၊ ဆောင်းနဲ့ ဆောင်းနှောင်းဆိုပြီး ကြက်သွန်နီ လေးကြိမ်စိုက်ပျိုးပါတယ်။ ၂၀၁၁ ခုနှစ်မှာတန်ချိန် ၁၅ ဒသမ ၁ သန်းထွက်ရှိခဲ့လို့ ယခင်နှစ်ထက် ၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကနဦးခန့်မှန်းချက်အရ ၂၀၁၁ ခုနှစ်ထက် ပိုမိုထွက်ရှိမယ်လို့ဆိုပါတယ်။ အဓိကစိုက်ပျိုးတာကတော့ မဟာရပ်ရှတရာ၊ ဂူဂျာရတ်နဲ့ ကာနာတာကာတို့ဖြစ်ပါတယ်။ ယမင်းခင်၊Source: Business standard