Main menu

Background

ထိုင်းကားထုတ်လုပ်မှု မြင့်တက်လာပေမယ့် တင်ပို့မှုကျဆင်း

Tue, 01/24/2012 - 10:16 -- Anonymous (not verified)

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွက် ထိုင်းစက်မှုလုပ်ငန်းဆောင်ရွက်နိုင်မှု ညွှန်ကိန်း (TISI)ဟာ နိုဝင်ဘာလမှာ ၈၇ ဒသမ ၅ ရှိခဲ့ရာမှ ၉၃ ဒသမ ၇ ကို တိုးတက်လာခဲ့တယ်လို့ ထိုင်းစက်မှုလုပ်ငန်းများ အသင်း (FTI) ဥက္ကဋ္ဌ Payungsak  Chartsuthipol  က ဇန်နဝါရီ ၁၈ ရက်မှာ ပြောကြားပါတယ်။ ရေနစ်မြုပ်မှုကျဆင်းပြီးတဲ့နောက် ထုတ်လုပ်မှုလုပ်ငန်းများ ကောင်းမွန်လာပြီး၊ အမှာအော်ဒါများ၊ စုစုပေါင်းရောင်းချမှုနဲ့ ထုတ်လုပ်မှုတွေလည်း တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ စက်ရုံများစွာဟာ ထုတ်လုပ်မှု တဖြည်းဖြည်း ကောင်းမွန်လာခဲ့ရာမှာ အထူးသဖြင့် ကားနဲ့ ကားအပိုပစ္စည်းစက်ရုံတွေက တိုးတက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ဒါပေမယ့်လည်း  TISI  က ၁၀၀ အောက်မှာသာရှိနေဆဲဖြစ်လို့ ထုတ်လုပ်နိုင်စွမ်းက ကောင်းတဲ့ အဆင့်မဟုတ်သေးဘူးလို့ ဆိုပါတယ်။ ရေနစ်မြုပ်တဲ့စက်ရုံတစ်ရုံက ပြင်ဆင်မှုမပြီးသေးတဲ့အတွက် လည်ပတ်မှုမစတင်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။ ထုတ်လုပ်သူအများစုအနေနဲ့ ရေနစ်မြုပ်မှုအလွန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အစိုးရမှ ထပ်မံအားပေးစေကြလိုကြောင်းနဲ့ စက်မှုကဏ္ဍမှာ အသုံးပြုတဲ့ စွမ်းအင်စရိတ်ကို တိုးမြှင့်ဖို့နဲ့ အနိမ့်ဆုံး နေ့စားလုပ်ခကို ဘတ် ၃၀၀ (ကန်ဒေါ်လာ ၉ ဒသမ ၅)ကို တိုးမြှင့်ဖို့ အစိုးရရဲ့ အစီအစဉ်ကိုလည်း ဆိုင်းထားစေလိုကြတယ်လို့ ဆိုပါတယ်။FTI   ရဲ့ကားထုတ်လုပ်မှုကလပ်မှ ပြောရေးဆိုခွင့်ရှိသူ Surapong  Paisitpattanapong  ပြောကြားတာတော့ ၂၀၁၁ ဒီဇင်ဘာလမှာ ကားတင်ပို့မှုဟာ စုစုပေါင်း ၃၅၀၄၆ စီးရှိပြီး၊ ၂၀၁၀ ဒီဇင်ဘာလနဲ့ယှဉ်ရင် ၅၀ ဒသမ ၆၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလ တင်ပို့မှုမှ ရရှိတဲ့ ဝင်ငွေဟာ ဘတ် ၁၇ ဒသမ ၀၅ ဘီလီယံ (ကန်ဒေါ်လာ ၀ ဒသမ ၅၄ ဘီလီယံ)ရှိလို့ ၂၀၁၀ ဒီဇင်ဘာလ ရရှိတဲ့ဝင်ငွေထက် ၄၂ ဒသမ ၉၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။    ၂၀၁၁ ခုနှစ်အတွင်း စုစုပေါင်း ကားအစီးရေ ၇၃၅၆၂၇ တင်ပို့ခဲ့ပြီး၊ ဝင်ငွေမှာ ဘတ် ၃၄၃ ဒသမ ၃၈ ဘီလီယံ(ကန်ဒေါ်လာ ၁၀ ဒသမ ၈၇ ဘီလီယံ) သာရှိလို့ ၂၀၁၀ ခုနှစ်နဲ့ယှဉ်ရင် ကားစီးရေ တင်ပို့မှု ၁၇ ဒသမ ၈၉ ရာခိုင်နှုန်း ကျဆင်းပြီး၊ ဝင်ငွေမှာလည်း ၁၅ ဒသမ ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာလမှာ ယာဉ်ထုတ်လုပ်မှုဟာ ၂၀၁၀ ဒီဇင်ဘာလထက် ၂၇ ဒသမ ၆၄ ရာခိုင်နှုန်းကျဆင်းခဲ့ပေမယ့် နိုဝင်ဘာလနဲ့ယှဉ်ရင် ၃၁၉ ဒသမ ၆၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ကားအစီးပေါင်း ၉၉၄၂၆ စီးထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ကြီးမားတဲ့ ရေနစ်မြုပ်ဒဏ်ကိုခံခဲ့ရတဲ့ ကားထုတ်လုပ်သူအားလုံးနီးပါးက ထုတ်လုပ်မှု ပြန်လည်တိုးတက်လာနေပြီဖြစ်လို့ ကားရောင်းချမှု ပမာဏကလည်း မြင့်တက်လာခဲ့ပြီဖြစ်ပြီး၊ ကားအမှာအော်ဒါများလည်း ဖောက်သည်တွေကို တင်ပို့နေ ပြီဖြစ်ကြောင်း ပြောကြားပါတယ်။ ယမင်းခင်၊ Source: Bangkok  Post