Main menu

Background

ယခုနှစ်မှာ ကြံအထွက်ကောင်းလို့ တရုတ်ဈေးကွက်ကိုပါ တင်ပို့ရတဲ့ မြန်မာ့သကြား

Tue, 01/24/2012 - 10:29 -- Anonymous (not verified)

    ယခုနှစ်မှာ ကြံစိုက်ပျိုးသူများပြီး၊ ကြံအထွက်ကောင်းတာကြောင့် တစ်နိုင်ငံ လုံးမှ ဝယ်ယူသုံးစွဲနေခြင်းနဲ့ တရုတ်နိုင်ငံကပါ ဝယ်ယူမှုရှိနေကြောင်းသိရပါတယ်။    သကြားနှင့်သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်းမှ တာဝန်ရှိသူ တစ်ဦးက '' ဒီနှစ်က ပစ္စည်းများပြီး အရောင်းအဝယ်သွက်နေတယ်။ ပြည်ပက သကြားက ဒီဈေးနဲ့မဝင်နိုင်လို့ မန္တလေးဈေးကွက်က သကြားကိုဘဲ ဝယ်ယူသုံးစွဲနေ တာ။ အရင်နှစ်တွေက ယိုးဒယားနဲ့ အိန္ဒိယနိုင်ငံဘက်က သကြားတွေဝင်နေတော့ တစ်နိုင်ငံလုံး မရောင်းရဘူး။ ပြည်ပကဝင်ရင် တစ်ပိဿာ ၁၀၀၀ ကျော်မှ ဈေးကိုက် မှာ အခုဈေးနှုန်းကလျော့နေတော့ပြည်ပက သကြားကယှဉ်ပြီးမဝင်နိုင်တာ။ ခါတိုင်း ရန်ကုန်ဈေးကွက်က မန္တလေးသကြားမှာယူမှုမရှိသလောက် နည်းပေမယ့် ဒီနှစ်မှာ ရန်ကုန်ဘက်ပါပို့နေရတယ်။ ဒီနှစ်ထဲမှာ တရုတ်ဈေးကွက်လည်း စပို့ရတယ်။ တန် ၅၀၀ နဲ့ ၈၀၀၀ ကြား တင်ပို့မှုရှိခဲ့တယ်။ ဒီဇင်ဘာလကစပို့ရတာ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မန္တလေးဈေးကွက်က သကြားဘဲ သုံးနေတဲ့အတွက် ကြံအထွက် ကောင်းပေမယ့် တောင်သူရော စက်သမားရော အရှုံးမရှိဘူး။ သကြားဈေးနှုန်းက ယခုထက်ပိုပြီး ကျမယ်ဆိုရင်တော့ တောင်သူအရှုံးရှိနိုင်တယ် " လို့ ပြောပါတယ်။    မန္တလေးဈေးကွက်ကို ကသာ၊ ဗန်းမော်၊ ထီးချိုင့်၊ သပိတ်ကျင်းမြို့နယ်များမှ တင်လဲရည်များ နေ့စဉ်ဝင်ရောက် လျက်ရှိရာ ယခုတစ်ပတ်မှာအပိုင်း ၅၀၀၀ ဝန်းကျင်ဝင်နေကြောင်း သိရပါတယ်။ သကြားဈေးနှုန်းမှာ ပေါင်းသကြား တစ် ပိဿာ ၈၅၀ ကျပ် - ၈၆၀ ကျပ် - ၈၇၀ ကျပ်ဈေးရှိပြီး ပွက်ရည်တစ်ပိဿာကို ၄၀၀ ကျပ်၊ ၄၅၀ ကျပ်၊ ၄၆၀ ကျပ်ဈေးရှိပြီး၊ တင်လဲရည်ဈေးမှာ ၂၅၀ ကျပ် - ၂၆၅ ကျပ် ဈေးရှိကြောင်း သိရပါတယ်။                               ဇူးဇူး