Main menu

Background

ဈေးကွက်ဝင်ဖို့ပြင်တဲ့ V-12 ကုလားပဲဖြူလုံးကြီး

Fri, 02/03/2012 - 07:47 -- Anonymous (not verified)

                   မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံစိုက်ပျိုးမှုမှာ မတ်ပဲနဲ့ ပဲတီစိမ်းကို ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာအများဆုံးစိုက်ပျိုးပြီး၊ ကုလားပဲနဲ့ ပဲစင်းငုံများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးလျက်ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ ကုလားပဲသီးနှံကို တစ်ပြည်လုံး စိုက်ဧကရဲ့ ၄၆ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ အများဆုံးစိုက်ပျိုးတဲ့ တိုင်းတစ်တိုင်းဖြစ်ပါတယ်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တို့မှာ ပြည်တွင်းစားသုံးမှု အလွန် နည်းပါးပြီး၊ ပြည်ပဈေးကွက်ပေါ်မှာ မူတည်ပေမယ့် ကုလားပဲဖြူလုံးကြီးက ပြည် တွင်းဈေးမြင့်ပြီး၊ ပြည်ပဈေးနိမ့်သည့်တိုင် ပြည်တွင်းစားသုံးမှုများပြားလာပြီး၊ ပြည်တွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက်နဲ့ ကြာဇံစက်များမှာ ပြည်တွင်းစာအဖြစ် ပိုမိုအသုံးပြုလျက်ရှိပါတယ်။                          ပဲစိုက်တောင်သူများရဲ့ စီးပွားရေးတွက်ခြေကိုက်မှုမှာ ပဲတစ်ဧကစိုက်ပျိုးမှု အပေါ် အမြတ်ရာခိုင်နှုန်းမှာ ကုလားပဲဖြူလုံးကြီး၊ V-2 အတွက် ၃၈ ဒသမ ၃၀ ရာခိုင်နှုန်း၊ ကုလားပဲဖြူလုံးကြီး V-12 အတွက် ၁၄၆ ဒသမ ၉၇ ရာခိုင်နှုန်း၊ မတ်ပဲ အတွက် ၂၃ ဒသမ ၂၃ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ကုလားပဲဖြူလုံးကြီးမှာ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်သွားဖို့ အလားအလာကောင်းတဲ့ ပဲမျိုးဖြစ်ပါတယ်။ ပဲမျိုးစုံ ကမ္ဘာ့ ဈေးကွက်မှာ အရည်အသွေးကောင်း၊ မျိုးသစ်၊ မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ပြီး၊ ယှဉ်ပြိုင်နိုင်မှသာ ရရှိပြီးဈေးကွက် ပိုမိုခိုင်မာပြီး ဈေးကွက်သစ်ချဲ့ထွင်ခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ တိုင်းဒေသကြီးရဲ့ ကုလားပဲစိုက်ပျိုးရာမှာ ယခင် V-2 ကုလားပဲမျိုးစိတ်များဟာ တောင်သူများအနေနဲ့ မျိုးအဖြစ် သီးသန့်ရွေးချယ်စိုက်ပျိုးခြင်းမဟုတ်ဘဲ စိုက်ပျိုး ထွက်ရှိတဲ့အထဲက မျိုးအဖြစ် ချန်ခြင်းကြောင့် နှစ်ကာလ ကြာမြင့်လာတဲ့အချိန်မှာ မျိုးညံ့လာပြီး၊ အထွက်နှုန်းလျော့နည်း အရွယ်အစား သေးလာသလို အရည်အသွေး နိမ့်ခြင်းကိုလည်း တွေ့လာရပါတယ်။ ဒါကြောင့် ပြည်ပဈေးကွက် မယှဉ်ပြိုင်နိုင်ဘဲ အဓိကတင်ပိုတဲ့ ပဲအဖြစ်မှ တင်ပို့မှု လျော့ကျသွားခဲ့ပါတယ်။ ပြည်ပကို အရည် အသွေးမီ တင်ပို့ရောင်းချနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးဖို့ တောင်သူတွက်ခြေကိုက်တဲ့ အထွက်နှုန်းကောင်းမျိုးများ စိုက်ပျိုးသွားဖို့ အရေးကြီး ပါတယ်။                     V-12 မျိုးသစ်ကို ယခုနှစ် စိုက်ပျိုးရာသီမှာ မုံရွာကုန်စည်ဒိုင်မှ ချိတ်ဆက်ပြီး၊ မျိုးတင်း ၂၀၀ အား ဖြန့်ဖြူးပေးမှုနဲ့ မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ မြို့နယ်များမှ တောင်သူများ စတင်စိုက်ပျိုးလျက်ရှိရာ ယင်းကုလားပဲ မျိုးသစ် V-12 စိုက်ပျိုးတဲ့ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာမှ ဦးခင်မောင် ထွန်းကပြောကြား ရာမှာ V-12 ကုလားပဲဖြူလုံးကြီးမျိုးအားမုံရွာကုန်စည်ဒိုင်မှ ချိတ် ဆက်မှုရယူပြီး၊ယခုနှစ် ၅ ဧက စတင်စိုက်ပျိုးထားပြီး၊ မျိုးတစ်တင်း ၃၇၀၀၀ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး တစ်ဧကစိုက်ပျိုးစရိတ်မှာ ၁ သိန်းခွဲကျော် ကုန်ကျမှာဖြစ်ပြီး၊ အထွက် နှုန်းမှာ ၂၅-၃၀ တင်း ထွက်ရှိမှာဖြစ်ကြောင်း ရှင်းပြပါတယ်။ ယနေ့ ကုလားပဲဖြူလုံးကြီးအသစ် မုံရွာကုန်စည်ဒိုင်ပေါက်ဈေးမှာ တစ်တင်း ၁၆၃၀၀ ကျပ်ဖြစ်လို့ စိုက်ပျိုးသူ တောင်သူအတွက် ယခင်မျိုး စိုက်ပျိုးသည်ထက် V-12 မျိုးစိုက်ပျိုးပါက အကျိုးအမြတ်ငွေ တစ်ဧက ကျပ် ၁ သိန်း ၈ သောင်းခန့် ပိုမို ရရှိပြီး၊ အခြားပဲသီးနှံများထက် ဈေးကွက်ကောင်းမွန်လို့ တောင်သူများအဖို့ စိုက်ပျိုးရန် ကုလားပဲမျိုးစိတ်သစ်အကြောင်း၊ တင်ပြလိုက်ပါတယ်။ ထွန်းဌေး