Main menu

Background

အိန္ဒိယအီရော့ဈေးကွက်မှာ နနွင်းဈေးကျဆင်းမှုကြောင့် တောင်သူများ နနွင်းလေလံကို ၃ ရက်ကြာရပ်တန့်

Fri, 02/03/2012 - 07:52 -- Anonymous (not verified)

                အိန္ဒိယနိုင်ငံအတွင်း နနွင်းတောင်သူများဟာ ဈေးနှုန်းထိုးကျဆင်းနေတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတာကြောင့် အစိုးရက အလေးထားလာစေဖို့ နနွင်းတောင်သူများဟာ နိုင်ငံရဲ့နနွင်းအကြီးဆုံးဈေးကွက်ဖြစ်တဲ့ အီရော့မှာနနွင်းနမူနာများ လေလံတင်ခြင်းကို ဇန်နဝါရီလ ၂၄ ရက်ကစပြီး ၃ ရက်ကြာရပ်တန့်ခဲ့တယ်လို့သိရပါတယ်။ ၂၀၁၀ ခုနှစ်မှာ နနွင်းတစ်တန် ရူပီး၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၉၃)ထိ မြင့်တက်ခဲ့ရာမှ ယခုအခါမှာတော့ ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၉၈) သာရှိတယ်လို့ဆိုပါတယ်။ နနွင်းသစ်မဝင်လာမီတောင် ဒီဈေးမှာရှိနေရင် နနွင်းသစ်စပြီးဝင်လာရင် ဘယ်ဈေးဖြစ်လာဦးမလဲ မသိဘူးလို့ ပြည်နယ်ဈေးကွက်မှဆိုပါတယ်။                 ၂၀၀၈-၂၀၀၉ မှာနနွင်းတစ်တန် ရူပီး ၈၀၀၀၀-၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၅၉၇-၁၉၉၆) ရှိခဲ့ပေမဲ့ ၂၀၀၉-၂၀၁၀ မှာ ရူပီး ၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၉၃) ထိ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့်လည်း တောင်သူတွေက ၂၀၁၀-၂၀၁၁ မှာ နနွင်း ဈေးမြင့်တက်ဦးမယ်လို့ခန့်မှန်းပြီး စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ တမီလ်နာဒူးစိုက်ပျိုးရေး တက္ကသိုလ်ရဲ့ ပြည်တွင်းပြည်ပ ဈေးကွက်ရှာဖွေရေးအဖွဲ့က နနွင်းတောင်သူတွေကို ၂၀၁၁ ဇူလိုင်လမှာ ၎င်းင်းတို့သိုလှောင်နနွင်းတွေ ချက်ချင်းထုတ်ရောင်းဖို့ သတိပေးခဲ့ပါတယ်။ ၂၀၁၀ ဇွန်လမှာ တစ်တန် ရူပီး ၁၅၀၀၀၀ (ကန်ဒေါ်လာ ၂၉၉၄) ကနေ တစ်တန်ရူပီး ၆၅၀၀၀- ၇၀၀၀၀ (ကန်ဒေါ်လာ ၁၂၉၇-၁၃၉၇) ထိ ကျဆင်းခဲ့တာကြောင့် အဲဒီလိုသတိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဈေးနှုန်းကျဆင်းခဲ့ခြင်းဟာ နနွင်းစိုက်ဧရိယာ ၂၅ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်းနဲ့ ထုတ်လုပ်မှု ကလည်း ၂၀၀၉-၂၀၁၀ မှာ ၁၀၀ ကီလိုပါ အိတ် ၄၈ သိန်းရှိရာမှ အိတ်ပေါင်း ၇၀သိန်းထိ ၄၅ ရာခိုင်နှုန်းခန့် တိုးတက်လာ တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်ပတင်ပို့မှုကလည်း ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါတယ်။ ဒါကြောင့်လည်း နနွင်းလက်ကျန်က ၂၀၀၉-၂၀၁၀ မှာ အိတ်ပေါင်း ၇ သိန်းခန့်ရှိခဲ့ရာမှ ၂၀၁၀-၂၀၁၁ မှာ ၁၁ သိန်းထိ တိုးတက်ခဲ့ပါတယ်။              တမီလ်နာဒူးပြည်နယ်မှာပင် နနွင်းစိုက်ဟက်တာ ၄၃၀၀၀ ထိတိုးတက်ခဲ့သလို ၂၀၁၀ ဒီဇင်ဘာလမှာ မိုးရွာသွန်းခဲ့တဲ့အတွက် အရည်အသွးလည်း ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ နနွင်းလက်ကျန် အရည်အသွေးနဲ့ ပြည်ပဝယ်လိုအားနည်းခြင်းတွေကြောင့် နနွင်းဈေး အကျဘက်ဆင်းရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အီရော့ခရိုင်တစ်ခုထဲမှာပင် ဟက်တာ ၂၆၀၀၀ ထိမြင့်တက်ကာ တစ်ဧကအထွက်နှုန်းမှာ ၂ တန်-၂ ဒသမ ၂ တန်ထိရှိခဲ့ပြီး၊ တစ်ဧကစိုက်ပျိုးစရိတ်မှာ ရူပီး ၁ ဒသမ ၂၅ သိန်း (ကန်ဒေါ်လာ ၂၄၉၅) ကုန်ကျတယ်လို့ တမီလ်နာဒူး ပြည်နယ် ဥက္ကဌကဆိုပါတယ်။              ဒါကြောင့် လက်ရှိဈေးနှုန်းအတိုင်း ဆက်ရှိနေတယ်ဆိုရင် တောင်သူတွေက တစ်ဧကကို ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၉၈) ခန့်ထိ ဆုံးရှုံးမှုကြီးမားနိုင်တယ်လို့ဆိုပါတယ်။ စိုက်ပျိုးစဉ်က နနွင်းတစ်တန် ရူပီး ၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၉၃) ဈေးဝန်းကျင်ရှိခဲ့တယ်လို့ဆိုပါတယ်။ နနွင်းအဓိကစိုက်ပျိုးတဲ့ Mysore ခရိုင်မှာလည်း အလားတူဆုံးရှုံးမှုတွေရှိလို့ တောင်သူများဟာ အစိုးရက နနွင်းတစ်တန် ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၉၉၆) ဈေးနဲ့ ဝယ်ယူဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ယမင်းခင် ှSource: hindubusiness